ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်မီး

လေထုညစ်ညမ်းမှုများ

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်မီး

Postby acmv » Mon Jan 09, 2012 8:05 pm

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​ စက်ရုံ ဖျက်သိမ်း
January 9, 2012 by ရွှေအောင်

ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာ ပါဝင်တဲ့​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​ စီမံကိန်း​ကို အစိုး​ရက ဖျက်သိမ်း​လိုက်ပါပြီ။

ရင်းမြစ် - အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ
မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ဒီစီမံကိန်း​ကို ဖျက်သိမ်း​လိုက်တဲ့​အ​ကြောင်း​ တနင်္လာ​နေ့​ မနက်ပိုင်း​၊​ ရန်ကုန်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အမှတ် ၂ လျှပ်စစ်ဝန်ကြီး​ ဦး​ခင်​မောင်စိုး​က ​ပြောကြား​လိုက်တာပါ။

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာ ပါဝင်တဲ့​ ဒီ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံက ထုတ်လုပ်မယ့်​ ကာဗွန်ပမာဏဟာ ထိုင်း​တနိုင်ငံလုံး​ ထုတ်လုပ်တဲ့​ ကာဗွန်ပမာဏရဲ့​ ထက်ဝက်ရှိလို့​ အနီး​အနား​နေ ​ဒေသခံ​တွေ ကျန်း​မာ​ရေး​နဲ့​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​နိုင်တဲ့​အ​ကြောင်း​ မီဒီယာ​တွေက ဝိုင်း​ဝန်း​ထောက်ပြ ​ရေး​သား​ခဲ့​ကြပါတယ်။

ပြီး​ခဲ့​တဲ့​ ဇန်နဝါရီ ၄ ရက်​နေ့​ကလည်း​ ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​ရေး​အဖွဲ့​က အဲ့​ဒီ ​ကျောက်မီး​သွေး​စက်ရုံ တည်​ဆောက်ရင် ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​တွေအ​ကြောင်း​ ​ဒေသခံ​တွေကို အသိ​ပေး​ကန့်​ကွက်တဲ့​ လှုပ်ရှား​မှု ​မောင်း​မကန် ကမ်း​ခြေမှာ ပြုလုပ်ခဲ့​ပါ​သေး​တယ်။

မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ စက်ရုံမ​ဆောက်​တော့​တဲ့​အ​ပေါ် ထား​ဝယ်​ဒေသဖွံ့​ဖြိုး​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က သူတို့​ကြား​တဲ့​သတင်း​နဲ့​ အခုလို သုံး​သပ်​ပြောပါတယ်။

“​ကျောက်မီး​သွေး​စက်ရုံ​တော့​ လုပ်​တော့​ လုပ်မယ်​ပေါ့​နော် ၄၀၀။ ၄၀၀ ကို​တောင် သူတို့​က စဉ်း​စား​နေတုန်း​ပဲတဲ့​။ အဲဒါ လက်ခံရမလား​ လက်မခံရဘူး​လား​ ဆိုတာကို။ အခု ၄၀၀၀ နဲ့​ စာရင်​တော့​ ၄၀၀ က​တော့​ ဆယ်ဆ သက်သာ သွား​တာ​ပေါ့​နော်။ ဒါ​ပေမယ့်​ အခု အဲဒါကို ကျ​နော်တို့​က ဆက်ပြီး​ ​ဆွေး​နွေး​ဦး​မှာ ဒီအဖွဲ့​ဝင်​တွေက ဆက်ပြီး​တော့​ အဲ့​ဒီအ​ပေါ်မှာ ဘယ်လို သ​ဘောထား​သလဲဆိုတာ။ အခုမှ အဲဒါဟာ ကြား​ခါစပဲ ရှိ​သေး​တယ်။ အခု ကျ​နော် ကြား​သ​လောက်က အဲဒီ ၄၀၀ မဂ္ဂါဝပ်မှာ ထား​ဝယ် ၄ မြို့​နယ်ကိုလည်း​ သူက မီး​ပေး​မယ်လို့​ ​ပြောထား​တယ်။ ဆယ်ဆ သက်သာတာဆို​တော့​ အများ​ကြီး​ ဆယ်ပုံတပုံ​တော့​ ရင်ထဲက ခံစား​ချက်​တွေ ​ပေါ့​သွား​တာ​ပေါ့​ဗျာ။”

ပြီး​ခဲ့​တဲ့​စ​နေ၊​ တနင်္ဂ​နွေ​နေ့​တုန်း​က ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ကို လာ​ရောက် ​လေ့​လာခဲ့​တဲ့​ ထိုင်း​အစိုး​ရ ဝန်ကြီး​တွေပါ အဖွဲ့​ထံ ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​ရေး​အဖွဲ့​က ​ဒေသခံ​တွေရဲ့​ ရင်ဖွင့်​စာကို ​ပေး​အပ်ခဲ့​ပါ​သေး​တယ်။ ဒီစာထဲမှာ ဒီဆိပ်ကမ်း​ စီမံကိန်း​ကြောင့်​ ​ဒေသခံ​တွေရဲ့​ စိုး​ရိမ်ပူပန်မှုနဲ့​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​ ဆုံး​ရှုံး​နိုင်တာ​တွေကို ​ဖော်ပြခဲ့​ပါတယ်။

ဒီ​နေ့​ထုတ် ဘန်​ကောက်ပို့​စ် သတင်း​စာထဲမှာ​တော့​ ထား​ဝယ်​ရေနက် ဆိပ်ကမ်း​နဲ့​ ပတ်သက်ပြီး​၊​ ​ဒေသခံ​တွေက ထိုင်း​အစိုး​ရထံ အိတ်ဖွင့်​ပေး​စာ ​ပေး​ပို့​ ​တောင်း​ဆိုခဲ့​ကြတယ်လို့​ ​ဖော်ပြထား​ပါတယ်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်

Postby acmv » Mon Jan 09, 2012 8:10 pm

ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိုင်းဝန်ကြီးချုပ်ကို ပန်ကြား
By မသင်းသီရိ

ထားဝယ်ရေနက်စီမံကိန်းတွင်း ထိုင်းနိုင်ငံဘက်ကနေ တည်ဆောက်မယ့် စက်ရုံတွေဟာ ဒေသခံတွေအတွက် ကျန်းမာရေး ထိခိုက်မှုနဲ့အတူ သဘာဝပတ်ဝင်းကျင် ပျက်ဆီးမှုတွေပါ ဖြစ်စေတာမို့ ကန့်ကွက်ကြောင်း ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ပါတယ်။ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံကျေးရွာတချို့ ရွေ့ပြောင်း ပေးနေရတာမျိုးတွေလည်း ရှိသလို နစ်နာမှုတွေလည်း ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ အကော်အထည်ဖော်နေတဲ့ ထားဝယ် အထူး စက်မှုဇုန် ရေနက်ဆိပ်စီမံကိန်းမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိစက်ရုံနဲ့ ရေနံချက်စက်ရုံအပြင် ဓာတ်မြေသြဇာ စက်ရုံတွေကို ထိုင်းနိုင်ငံက Italian-Thai Development ကုမ္ပဏီက ဦးဆောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီစက်ရုံတွေဟာ ဒေသခံတွေရဲ့ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်မှုရှိနေတယ် ဆိုတာကို သိဖို့အတွက် အိပ်ဖွင့်ပေးစာ တစ်စောင်ကို ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဆီကို ဇန်န၀ါရီလ ၇ ရက်နေ့က ပေးပို့ခဲ့တာပါ။

ဒီစီမံကိန်းအတွက် ဇန်န၀ါရီလ ၆ ရက်နေနဲ့ ၇ ရက်နေ့တွေမှာ ထားဝယ်ဒေသတွင်း ပြုလုပ်နေတဲ့ အစည်းအဝေးကို တက်ဖို့ ရောက်နေကြတဲ့ ထိုင်းနိုင်ငံက ဘဏ္ဍာရေးဝန်ကြီး၊ စွမ်းအင်နဲ့ ပို့ဆောင် ဆက်သွယ်ရေးဌာနက ၀န်ကြီးတွေကတဆင့် ထိုင်းဝန်ကြီးချုပ်ဆီကို ပေးဖို့အတွက် သူတို့ရဲ့ သဘောထား တင်ပြချက်စာကို တဆင့်ပေးပို့ခဲ့တာ ဖြစ်သလို ရန်ကုန်က ထိုင်းသံရုံးကိုလည်း ပို့ခဲ့တယ်လို့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကိုလေးလွင်က ပြောပါတယ်။

“ကျနော်တို့က ထိုင်းဝန်ကြီးချုပ်ကို အိပ်ဖွင့်ပေးစာ ပေးတာကတော့ ကျနော်တို့ဒေသမှာ စိမ်းလန်းစိုပြေ ပြီးတော့ အဓွန့်ရှည်တဲ့ တိုးတက်မှုမျိုးကို ကျနော်တို့ လုပ်ချင်တယ်။ ခုနကပြောတဲ့ ကျောက်မီးသွေးစက်ရုံတွေ၊ သံမဏိစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေ ဆိုတာက chemical တွေဆိုတော့ အဲဒါမျိုးတွေကိုတော့ မကြိုက်ဘူးပေါ့။ အဲဒါတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ်၊ ကျန်းမာရေး ထိခိုက်မယ်။ အဲဒီလိုမျိုးတွေကို မလုပ်ဖို့ ကျနော်တို့က ပြောတာပါ။ ရေနက်ဆိပ်ကမ်းက တာဝန်ခံကို ၀င်ပေးပါတယ်။ အဲဒီ အစည်းအဝေး လုပ်တဲ့နေ့မှာပဲ။ ကျနော်တို့က ကျန်တဲ့ဟာတွေကိုတော့ အီးမေးနဲ့ ပို့ပါတယ်။ သူတို့ အီးမေးလိပ်စာတွေကိုရော ပို့ပါတယ်။ စာကတော့ လက်ထဲပေးတာပါ။”

ဒါ့အပြင် ဒီစီမံကိန်းကြောင့် အိုးအိမ်နေရာ ရွေ့ပြောင်းမှုတွေလည်း ရှိနေပြီး ဒေသခံတွေမှာ နေအိမ်ခြံမြေတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးမရတာ အဆင်မပြေတာတွေလည်း ဖြစ်နေပါတယ်။ အခုဆိုရင်ပဲ ထားဝယ် လောင်းလုံမြို့နယ်ထဲက ညောင်ပင်ဆိပ်ရွာကို မကြာခင်ရက်ပိုင်းတွေတွင်းမှာ ရွာလုံးကျွတ် ရွေ့ပြောင်းဖို့ အာဏာပိုင်တွေက ထပ်ခါတလဲလဲ လာပြောနေပေမဲ့ ရွာသားတွေအတွက် ကြိုတင် နေရာစီစဉ်ပေးတာ မရှိသလို ဆုံးရှုံးကြရတောမယ့် သူတို့ရဲ့ လယ်ယာကိုင်းကျွန်းနဲ့ ခြံတွေအတွက်လည်း လျော်ကြေးကိစ္စ တိတိကျကျ ဘာမှပြောဆိုတာ မရှိဘူးလို့ ညောင်ပင်ဆိပ်ရွာက ဆရာတော်က မိန့်ပါတယ်။ ဒါကြောင့် ရွာသူရွာသားတွေဟာ စိုးရိမ်မှုတွေ ဖြစ်နေကြတယ်လို့ ဆရာတော်က အခုလို မိန့်ပါတယ်။

“အခုဆိုလို့ရှိရင် သူတို့လာပြောတာ တစ်ပတ်လောက် ရှိသွားပြီ။ မကြာမကြာ လာ လာပြောတယ်။ ဆင်းရမယ် ဆင်းရမယ်… ဆိုပြီး သူတို့က အာဏာနဲ့ လာ လာပြောတယ်။ အဲဒါ ရွာသူရွာသားတွေက ကြောက်တယ်။ နားလည်း နားမလည်ဘူးပေါ့။ တောသူတောင်သားတွေ ဆိုတော့။ အဲဒါနဲ့ပဲ ကြောက်နေရတယ် ဒကာမကြီး။ နောက်တော့ နေရာ ပေးမယ်လို့ သူတို့က ပြောတယ်။ သူတို့ ပေးမယ်လို့တော့ ပြောတယ်။ သို့သော်ငြားလည်း မရေမရာစကားပေါ့။ ဥပဇ္ဇင်းတို့ ညောင်ပင်ဆိပ်ရွာမှာက တောသူတောင်သားတွေ လယ်ယာကိုင်းကျွန်းပဲ လုပ်စားတယ်။ အဲဒီမှာ သီဟိုခြံရှိတယ်၊ ရာဘာခြံရှိတယ်။ အဲဒါ သူတို့စီးပွားရေးနဲ့ သူတို့ ဘိုးစဉ်ဘောင်ဆက် အစဉ်ထာဝရ နေလာခဲ့တာ။ အဲဒါကို ဘယ် ပြောင်းချင်မှာလဲ ဒကာမကြီး။”

ထားဝယ် ရေနက်စီမံကိန်းကြောင့် ပြောင်းရွေ့ဖို့ ဖိအားပေးခံနေရတဲ့ ညောင်ပိတ်ဆိပ်ရွာက အခြေအနေကို ညောင်ပင်ဆိပ်ရွာ ဆရာတော် မိန့်ခဲ့တာဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ နစ်နာထားသူတွေကို ဇန်န၀ါရီလထဲမှာ ထိုက်တန်တဲ့ လျော်ကြေးတွေ စပေးမယ်လို့ ပြောနေပေမဲ့ လက်ရှိမှာ သူတို့သတ်မှတ်ထားတဲ့ ကြေးဟာ တန်ရာတန်ကြေး မဖြစ်ဘဲ နစ်နာမှုတွေ ရှိနေတယ်လို့လည်း ဝေဖန်သံတွေ ထွက်နေပါတယ်။

ထားဝယ် စီးပွားရေး အထူးစက်မှုဇုန် စီမံကိန်းတွင်းမှာ အဓိက ဇုန် ၅ ခုပါဝင်ပြီး သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အပြင် အကြီးစား စက်မှုလုပ်ငန်းတွေ ပါဝင်သလို ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စက်မှုလုပ်ငန်း၊ ရာဘာစက်ရုံနဲ့ ရေနံဓာတုအခြေပြု စက်မှုလုပ်ငန်း၊ ဆေးဝါး ထုတ်လုပ်ရေး၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး အပါအ၀င် အသေးစား စက်မှုလုပ်ငန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်

Postby acmv » Mon Jan 09, 2012 9:06 pm

ထားဝယ် ရေနက် စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား PDF Print
Monday, 09 January 2012 10:27
AddThis Social Bookmark Button

ထားဝယ်ရေနက်စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 'အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း မီဒီယာတွေရဲ့ စကားကို နားထောင်တယ်။ လေ့လာတယ်။ သတင်းဂျာနယ်အားလုံးက ကျောက်မီးသွေးလုပ်ရင် ဘာဖြစ်မယ်ဆိုတာ ဖော်ပြကြတယ်။ ဒါတွေအကုန်လုံးဖတ်ပြီးတော့ ဒီလိုဆိုလို့ရှိရင် ကျောက်မီးသွေးမလုပ်သင့်ဘူး။ ၄၀၀ မဂ္ဂါဝပ်ထွက်မယ့် စက်ရုံကိုတော့ ပြန်ဆွေးနွေး၊ ၄၀၀၀ မဂ္ဂါဝပ်ကိုတော့ မလုပ်တော့ဘူးလို့ အားလုံးဝိုင်းပြီး ဆုံးဖြတ်လိုက်တာပါ' ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး အဖွဲ့အစည်းအဝေးခန်းမတွင် ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်း ပြုလုပ်မည့် ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစက်မှုဇုန် အကောင်အထည်ဖော်ရာတွင် ကျောက်မီးသွေးသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ရပ်ဆိုင်းခြင်းနှင့် မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ခြင်းဖြစ် ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့ကို တည်ဆောက်ရန် စီစဉ်မှုများရှိခဲ့သော်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သဖြင့် အဆိုပါစီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်

Postby acmv » Tue Jan 10, 2012 6:43 pm

ကန့်ကွက်မှုရှိနေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံ စီမံကိန်း ရပ်ဆိုင်း
2012-01-09

ထားဝယ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်တယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအား ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ရန်ကုန် အလုံမြို့နယ် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရုံးမှာ ဒီနေ့မနက်ပိုင်းက လုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်ကြောင်း တက်ရောက်တဲ့ စာနယ်ဇင်းသမားတွေက ဆိုပါတယ်။

Image: RFA

ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် ထားဝယ်မြို့ (Tavoy) တည်နေရာကို မြန်မာပြည် မြေပုံပေါ်တွင် ခရမ်းရောင် စက်ဝိုင်းဖြင့် ပြထားပါသည်။

ဝန်ကြီးက သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့် ကိစ္စမျိုးတွေကို ရှောင်ရှားသွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။ ထားဝယ် ရေနက်စီမံကိန်းမှာ ပါဝင်တဲ့ ကျောက်မီးသွေး ဓာတ်အားသုံး ဓာတ်အားပေး စီမံကိန်းဟာ ကျောက်မီးသွေးကနေ လျှပ်စစ် မီဂါဝပ် ၄၀၀၀ ထုတ်လုပ်မှာပါ။

အခုလို ကျောက်မီးသွေးသုံး ဓာတ်အားပေး စီမံကိန်းကို အစိုးရက ရပ်ဆိုင်းလိုက်တာကို ထားဝယ် ဒေသခံ ပြည်သူတွေနဲ့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ကျောက်မီးသွေး ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံတွေကြောင့် လေနဲ့ ရေ ညစ်ညမ်းပြီး ရေရှည်မှာ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ရတာကြောင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆိုရင် ဘယ်လို ပုံစံမျိုးနဲ့မှ လက်ခံမှာ မဟုတ်ဘူးလို့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးစိုးသိန်းက အာရ်အက်ဖ်အေကို ပြောပါတယ်။

ထိုင်းနိုင်ငံ Italian-Thai ကုမ္ပဏီက ထားဝယ်ရေနက် ဆိပ်ကမ်း အကောင်အထည်ဖေါ်ရေးမှာ အမေရိကန်ဒေါ်လာ သန်းငါးသောင်း နီးပါး အကုန်ခံပြီး တည်ဆောက်မယ့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမျိုးစုံထဲမှာ ကျောက်မီးသွေး ဓာတ်အားသုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေ တည်ဆောက်ဖို့ လျာထားတာပါ။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အရင်က အလားတူ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ထိုင်းဒေသခံတွေက ကန့်ကွက်ခဲ့တဲ့ အတွက် အခုလို ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းမှာ အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းခဲ့တာလို့ ဦးစိုးသိန်းက ပြောပါတယ်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်

Postby acmv » Tue Jan 10, 2012 6:44 pm

ထားဝယ် စီမံကိန်းမှာ မဂ္ဂါဝပ် ၄,၀၀၀ ဓါတ်အားပေးရုံ မလုပ်တော့
မင်းသက်


ရန်ကုန် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် မဂ္ဂါဝပ် ၄,၀၀၀
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း အလုံမြို့နယ် လျှပ်စစ်ဓါတ်အားပေးဝေရေး အဖွဲ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အမှန်အတိုင်း ပြောရရင် မီဒီယာ သတင်းဂျာနယ်တွေမှာ ရေးတာတွေကို ဖတ်ပြီးတော့ လေ့လာပြီးမှ မလုပ်သင့် ဘူးဟေ့ ဆိုပြီး မလုပ်တော့တာပါ။ အားလုံးကနေပြီး ဒါလုပ်ရင်တော့ ဘာဖြစ်မယ်ဆိုတာ ရေးကြတော့ ဖတ်ပြီး မလုပ်ဖြစ်တာ။ မဂ္ဂါဝပ် ၄၀၀ ကိုတော့ ပြန်စဉ်စားကျန်တာ ၄,၀၀၀ မဂ္ဂါဝပ်ကိုတော့ ရပ်ဆိုပြီး လုပ်ခဲ့ကြတာ” ဟု ဝန်ကြီးက ပြောသည်။
Image
၉.၁.၂ဝ၁၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းမှ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ မလုပ်တော့ဟု ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

ဝန်ကြီးပြောသည့် ၄၀၀ မဂ္ဂါဝပ်ဆိုသည်မှာ အဆိုပါ စီမံကိန်းအတွက် အကြိုလုပ်ငန်းများ အသုံးပြုမည့် လျှပ်စစ် ထုတ်ရန်ဖြစ်ပြီး ယင်းကိုပင်လျှင် လုပ်သင့်/ မလုပ်သင့် စဉ်းစားနေကြသည်ဟု လျှပ်စစ် အရာထမ်းတဦးက ရှင်းပြသည်။

ဒေါ်လာသန်း ၅၈ ထောင်တန် ထားဝယ်စီမံကိန်းတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု စက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ရေဖြူမြို့နယ် နဖူးလယ် ကျေးရွာအနီးတွင် ရှိပြီး နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ် တွင် ၇၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။

စီမံကိန်းကြောင့် ကျေးရွာ ၁၉ ရွာ၊ လူဦးရေ ၃၂,၂၇၉ ဦး၊ စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၂၃ ခု ဖယ်ရှားခံရမည် ဖြစ်ကြောင်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။

စီမံကိန်းကို ၂၀၁၀ မှ ၂၀၁၄ အထိ ငါးနှစ်စီမံကိန်းအဖြစ် ပထမအဆင့်၊ ၂၀၁၄ မှ ၂၀၁၇ အထိ ဒုတိယအဆင့်၊ ၂၀၁၅ မှ ၂၀၁၉ အထိ တတိယအဆင့်ဟူ၍ သတ်မှတ်ကာ အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်

Postby acmv » Tue Jan 10, 2012 6:46 pm

ဆောက်လုပ်မည့် ထားဝယ် ကျောက်မီးသွေး လျှပ်စစ်စက်ရုံကို မဂ္ဂါဝပ် (၁၀) ဆမျှ လျှော့ချ
ရွှေဟင်္သာသတင်းဌာန

Ta_Voy_01သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင်သည့် အတွက် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ဆောက်လုပ်မည့် မဂ္ဂါဝပ်လေးထောင်ရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို မဂ္ဂါဝပ် ၄၀၀ သို့လျှော့ချ မည်ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ရန်ကုန်မြို့တော် အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ (YESB) ရုံးတွင် ကျင်းပသော မီဒီယာတွေ့ဆုံပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါရှိသော မဂ္ဂါဝပ် လေးထောင်ရှိ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံသည် ထိုင်းတစ်နိုင်ငံလုံး ကာဗွန်ထုတ်လုပ်မှု၏ ထက်ဝက်ခန့်ရှိကြောင်း သိရှိရပါသည်။ ယင်းသို့ ထိခိုက်မှုရှိနိုင်သည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများကို အသိပေးပြီး ကန့်ကွက်သည့် လှုပ်ရှားမှု တစ်ရပ်ကို ဇန်န၀ါရီလ ၄ ရက်နေ့တွင် ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့ (DDA) က ထားဝယ်ခရိုင် မောင်းမကန်ဒေသတွင် ပြုလုပ်ခဲ့ပါသည်။
Image
Ta_voy_02(ဓါတ်ပုံ - အင်တာနက်)
Image
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည်၊ အီတာလျံ ထိုင်းကုပ္မဏီက ဒေါ်လာ (၁၃) ဘီလီယံခန့် အကုန်အကျခံ တည် ဆောက်မည်ဟု ကုမ္မဏီထုတ်ပြန်ချက်အရ သိရပါသည်။ ဤစီမံချက်များထဲတွင် မဂ္ဂါဝပ် (၄၀၀၀) ခန့်ရှိသည့် ကျောက်မီး သွေးသုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးလည်း အပါဝင်ဖြစ်ပါသည်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွင် ပါဝင်သည့်​ ​ကျောက်

Postby acmv » Fri Jan 13, 2012 8:58 pm

ထားဝယ်ရေနက်ဆိပ်ကမ်းမှ မဂ္ဂါဝပ် ၄၀၀၀ ကျောက်မီးသွေး လျှပ်စစ်စက်ရုံ စီမံကိန်း ရပ်ဆိုင်း
သိမ့်သိမ့်စိုး
ရန်ကုန်၊ ဇန်န၀ါရီ-၉
အတွဲ (၁၀)၊ အမှတ်(၄၃)
Image

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်း တည်ဆောက်ရန်စီစဉ်ထားသော မဂ္ဂါဝပ်၄၀၀၀ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အားပေးစီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ယနေ့နံနက်ပြုလုပ်သော အစည်းအဝေးတွင်ပြောကြားခဲ့သည်။

“ဒီစီမံကိန်းကိုလုပ်ရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနိုင်တာတွေကို မီဒီယာတွေကလည်း ထောက်ပြလာတာကြောင့် ပြန်စစ်ဆေးပြီးတော့ မလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု ၀န်ကြီးကပြောသည်။ထိုကျောက်မီးသွေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပါကသဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်သည့်အပြင် ကျောက်မီးသွေးစီမံကိန်း၏ ဆိုးကျိုးများကို မီဒီယာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၏ ထောက်ပြချက်ကြောင့် စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းအတွက် လတ်တလောအရေးပေါ်လိုအပ်နေသော မဂ္ဂါဝပ် ၄၀၀ ရရှိရန်အ တွက်ကိုမူ ကျောက်မီးသွေးဓာတ် အားပေးစက်ရုံ စီမံကိန်းလုပ်သင့် မလုပ်သင့်ကို စဉ်းစားနေဆဲဖြစ်ကြောင်း ၀န်ကြီးကပြောကြားခဲ့သည်။ အဆိုပါ ကျောက်မီးသွေး၊ လျှပ်စစ်ဓာတ်အားထုတ်ယူရန် တစ်လလျှင် ကျောက်မီးသွေးတန် ချိန်သန်းပေါင်း ၁၁ ဒသမ ၄ လိုအပ်မည်ဖြစ်ပြီး၊ တန်ချိန် ၁၆၀၀၀၀ ထိ တင်ဆောင်နိုင်သော သင်္ဘောကြီး တစ်လလျှင် ၁၀ စီးမှ ၁၆ စီး ဖြတ်သန်းသွား လာရမည်ဖြစ်သည်။ ထိုသို့ ဖြတ် သန်းသွားလာမှုလုပ်လာပါက ရေ ကြောင်းသွားလာမှုအခက်အခဲ ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကျန်းမာရေး
လေ့လာဆန်းစစ်မှုဆိုင်ရာအဖွဲ့မှ ကျွမ်းကျင်သူတစ်ဦးက 7 Day News သို့ ပြောကြားခဲ့ဖူးသည်။

ကျောက်မီးသွေးစက်ရုံမှ ကုဗမီတာ ၂၀ ဒသမ ၆ သန်းနှင့် ရေချိုသုံးစွဲမှုတစ်နေ့လျှင် ကုဗမီတာ ၆၀၀၀ တန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။“အင်မတန်ဝမ်းသာစရာ ကောင်းတဲ့ သတင်းပေါ့။ ပြည်သူတွေရဲ့ အသံကိုနားထောင်တယ်။ ပြည်သူတွေရဲ့ အသံကိုနား ထောင်ပေးတာ ၀မ်းသာစရာပဲ” ဟုသဘာဝပတ်ဝန်းကျင်လုပ်ငန်းများလုပ်
ဆောင်နေသူတစ်ဦးဖြစ်သော ဦးစိုးညွန့်ကပြောသည်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am


Return to လေထုညစ်ညမ်းမှုများ

Who is online

Users browsing this forum: No registered users and 1 guest

cron