အရည်အသွေးမြှင့်နိုင်ရင် ရာဘာတတန်ကို ဒေါ်လာ ၄၀၀ ပိုရမယ်- ဦးခိ

ရာဘာစိုက်ပျိုးခြင်း

အရည်အသွေးမြှင့်နိုင်ရင် ရာဘာတတန်ကို ဒေါ်လာ ၄၀၀ ပိုရမယ်- ဦးခိ

Postby acmv » Sat May 09, 2015 4:18 pm

အရည်အသွေးမြှင့်နိုင်ရင် ရာဘာတတန်ကို ဒေါ်လာ ၄၀၀ ပိုရမယ်- ဦးခိုင်မြင့်
-----------------------------------
By အေးနိုင် 9 May 2015

မြန်မာနိုင်ငံရဲ့ ရာဘာထုတ်ကုန်ဟာ အရည်အသွေးပိုင်းမှာ အလွန်အမင်း နိမ့်ကျတာကြောင့် နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိ ဖြစ်နေသလို မြန်မာနိုင်ငံက ထွက်ရှိသမျှ ရော်ဘာစုစုပေါင်းရဲ့ ၈ ရာခိုင်နှုန်းကိုသာ ပြည်တွင်းမှာ အသုံးပြုပြီး ကျန် ၉၂ ရာခိုင်နှုန်းကို ပြည်ပကို တင်ပို့နေပေမယ့် ကမ္ဘာ့ရာဘာဈေးနှုန်း ထိုးကျနေတာကြောင့် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်သူတွေကို အထိနာစေပါတယ်။

မနှစ်နှစ်ဆန်းပိုင်းတုန်းကတော့ ရာဘာအပေါ်ကောက်ခံတဲ့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကို အစိုးရက ပယ်ဖျက်ပေးခဲ့ပါတယ်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ်က ရာဘာ မက်ထရစ်တန်ချိန် ၇၈,၀၀၀ လောက် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၃၂၀ ခန့် ၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ရော်ဘာ မက်ထရစ်တန် ၈၂,၀၀၀ ခန့် ထိ တန်ချိန်လေးထောင်ကျော် ပိုမိုတင်ပိုခဲ့ပေမယ့် ဒေါ်လာ ၂၃၉ သန်းပဲ ၀င်ငွေရခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း တန်ချိန် ၁ သိန်းကျော်ထိ တင်ပို့မှုတိုးမြင့်လာ ခဲ့ပေမယ့် ရာဘာဈေးနှုန်းကျဆင်းမှုနဲ့ ဆက်တိုက်ကြုံခဲ့ရပြီး ဒီနှစ်အတွင်းမှာလည်း ကျရိပ်ရှိနေ သေးတယ်လို့ ခန့်မှန်းနေကြပါတယ်။

မနှစ်ကတော့ ဂျပန်အစိုးရ ကျောထောက်နောက်ခံပြုတဲ့ကုမ္ပဏီက မြန်မာ့ရာဘာ အရည်အသွေးတိုးတက်ရေးကို သင်တန်းပေးဖို့နဲ့ အရည်အသွေးပြည့်မီရင် ကမ္ဘာ့ပေါက်ဈေး အတိုင်း ၀ယ်ယူမယ်လို့ ကတိက၀တ်ပြုခဲ့ပါတယ်။

မြန်မာ့ ရာဘာကို ကုန်ကြမ်းအဖြစ် အဓိကအားဖြင့် တရုတ်နိုင်ငံကို တင်ပို့နေပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတွေကိုလည်း တင်ပို့နေပါတယ်။

ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ကို ဆက်သွယ်မေးမြန်းထား ပါတယ်။

မြန်မာနိုင်ငံမှာ ရာဘာအဓိကစိုက်ပျိုးရာဒေသတွေက ဘယ်ဒေသတွေလဲခင်ဗျ။

“ကျနော်တို့ဆီမှာ အများဆုံးစိုက်ပျိုးပြီးတော့ အများဆုံးထွက်တဲ့ဒေသက နံပါတ် ၁ ကတော့ မွန်ပြည်နယ်ပေါ့နော်။ နံပါတ် ၂ ကတော့ တနင်္သာရီတိုင်း။ နံပါတ် ၃ ကတော့ ကရင်ပြည်နယ်ပေါ့။”

မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးမှုစတင်ခဲ့တဲ့ ခုနှစ်ကို မိတ်ဆက်ပေးပြီး မြန်မာ့ရာဘာလုပ်ငန်းက လက်ရှိ ၂၁ ရာစုခေတ်နဲ့အမီ လိုက်နိုင်ပါရဲ့လား။

“မြန်မာနိုင်ငံမှာ ရာဘာစိုက်တာ နှစ်ပေါင်းတော့ကြာလှပြီ၊ အင်္ဂလိပ်လက်ထက် ကတည်းကပေါ့နော်။ ဒါပေမယ့် အင်္ဂလိပ်လက်ထက်ပြီးတဲ့အခါမှာ ဖဆပလ (ဖက်ဆစ် ဆန့်ကျင်ရေးပြည်သူ့လွပ်လပ်ရေးအဖွဲ့) ခေတ်ပေါ့။ အဲဒီခေတ်လောက်အထိကို ရော်ဘာ စိုက်တာ အားသွန်ခွန်စိုက် စိုက်လာတာပေါ့နော်။ အဲဒီတုန်းက စိုက်တာများတာ ကတော့ နိုင်ငံခြားကုမ္ပဏီတွေပဲ များတာပေါ့နော်။ အင်္ဂလိပ်ကုမ္ပဏီတို့ ဘာတို့များတာပေါ့။ ပုဂ္ဂလိက တဦးချင်းအနေနဲ့ သိပ်မရှိလှဘူး။ အဲဒီကနေ မဆလ ခေတ် (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်) ရောက်တဲ့အခါမှာ တခေတ်လုံးကတော့ ရာဘာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့ ပုဂ္ဂလိကကို အားမပေးခဲ့ဘူးလေ။ နိုင်ငံတော်ပိုင်တွေချည်းပဲ ဖြစ်ခဲ့တယ်ဆိုတော့ သိပ်ပြီးတော့ မတိုးတက်လာခဲ့ဘူးပေါ့။ မဆလ ခေတ်နောက်ပိုင်းပေါ့နော် စစ်အစိုးရတက်လာပြီး နောက်ပိုင်းမှာကျမှ ရာဘာကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ဖို့အတွက် ထုတ်လုပ်ဖို့အတွက် တွန်းအား ပေးလာတာပေါ့။ ပုဂ္ဂလိကတွေကိုလည်း လုပ်ပိုင်ခွင့်ပေးလာတယ်။ ပေးလာတဲ့အခါမှာ ပထမပိုင်းအနေနဲ့ ၁၉၉၀ လောက်မှာစပြီး တွန်းတင်လာတာပေါ့။ တွန်းတင်လာပေမယ့်လည်း ပထမပိုင်းမှာတော့ တော်တော်လေး အောင်မြင်သလိုဖြစ်လာပြီးတော့ နောက်ပိုင်းမှာ သိပ်ပြီးတော့ အောင်မြင်မှု သိပ်မရဘူးပေါ့နော်။ အောင်မြင်မှုမရတာကလည်း အဓိကကတော့ ရာဘာစိုက်တဲ့ လုပ်ငန်းတွေကို နိုင်ငံတော်က ပံ့ပိုးမှုအပိုင်းမှာ အရမ်းအားနည်းခဲ့တယ်ပေါ့နော်။ နောက်ပြီးတော့ ထွက်လာတဲ့ ရာဘာတွေကိုလည်း လွတ်လွတ်လပ်လပ် ရောင်းပိုင်ခွင့် မရှိဘူးပေါ့နော်။ အကန့်အသတ်နဲ့ ထိန်းချုပ်ထားတဲ့အခါကျတော့ သိပ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိလာခဲ့ဘူးပေါ့။ အဲဒီကနေ ၂၀၀၅ ခုနှစ်ကျတော့ နိုင်ငံတော်ကနေပြီးတော့ ရာဘာကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးပြီးတော့ပေါ့နော် ကျယ်ကျယ်ပြန့်ပြန့်လုပ်ပိုင်ခွင့်ပေါ့ မြေကအစပေါ့နော် အကုန်လုံးကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေ ပေးလိုက်တယ်။ ပြီးတော့ ရာဘာကိုလည်း လွတ်လွတ်လပ်လပ် နိုင်ငံခြားကို မည်သူမဆို တင်ပို့ရောင်းချပိုင်ခွင့်ပေးလိုက်တယ်။ အားလုံးလွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အခါကျတော့ ၂၀၀၅ ကနေစပြီးတော့ လျင်လျင်မြန်မြန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတာပေါ့။ ၂၀၀၅ ခုနှစ်အထိ ကျနော်တို့တိုင်းပြည်ရဲ့ စိုက်ဧကက ငါးသိန်းကျော်ကျော်ပဲရှိတယ်ဗျ။ အဲဒီ ၂၀၀၅ ကနေ တောက်လျောက် ကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြတဲ့အခါကျတော့ ၂၀၁၅ မှာဆိုလို့ရှိရင် တနိုင်ငံလုံးရဲ့စိုက်ဧကက တသန်းခွဲကျော်သွားပြီ။ အဲဒီကနေ လက်ရှိထုတ်လုပ်တဲ့ဧက ကတော့ ၅ သိန်း ၈ သောင်းလောက်ပဲရှိသေးတာပေါ့။ ကျန်တာတွေကတော့ ထိန်းသိမ်းရေးဧကတွေပဲ ရှိနေသေးတယ်ပေါ့။ ဒါကတော့ တနှစ်ချင်းတိုးထွက်လာမှာပေါ့။”

ရာဘာပင်က အစေး ခြစ်ယူလို့ရတဲ့အထိ စောင့်ဆိုင်းပြုစုရတဲ့ကာလက ၇ နှစ်လား။

“ဟုတ်ပါတယ်။ စစိုက်တဲ့ကာလနဲ့ အစေးပြန်လည်ရတဲ့အထိဆိုရင် ၇ နှစ်လောက် စိုက်ရတာပေါ့။ လက်ရှိကာလက ရော်ဘာစိုက်ဧက မြှင့်တင်နေဆဲကာလလို့ပဲ ပြောလို့ ရတာပေါ့။”

စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို အခုအစိုးရလက်ထက်မှာ ပြန်ဖွင့်လိုက်ပြီဆိုတော့ မြန်မာ့ရာဘာလုပ်ငန်းမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စီးဆင်းဝင်ရောက်တဲ့ အခြေအနေ ကရော။ အားရစရာကောင်းလား။

Rubber-3-copy-300x219“ပြည်ပကနေပြီးတော့ ကျနော်တို့တိုင်းပြည်မှာ ရာဘာနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုကတော့ အရမ်းနည်းပါတယ်။ တော်တော်လေးကို အားနည်းပါတယ်။ ခုချိန်ထိ အားနည်းနေတုန်းပဲ။ နည်းနည်းပါးပါးဝင်ပြီးတော့ စိုက်တာတို့ဘာတို့တော့ လုပ်နေပြီပေါ့။ ခုချိန်ထိ ရင်းနှီးမြှုပ်နှံမှု အလုံးအခဲနဲ့ ၀င်လာတာ အားနည်းနေတုန်းပဲ။ အဓိကကတော့ ကျနော်တို့ဆီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လာပြီးတော့ ရာဘာစိုက်တာကတော့ နည်းနည်းအခက်အခဲလေးတွေရှိတယ်ပေါ့ နိုင်ငံခြားက လာလုပ်မယ်ဆိုလို့ရှိရင်။ ဥပမာ -မြေယာရရှိရေးအခက်အခဲပေါ့။ ရာဘာစိုက်လို့ရတဲ့နေရာတွေမှာ မြေက တော်တော်လေးကို ရှားသွားပြီပေါ့နော်။ တချို့ နေရာတွေမှာ ရှိတော့ရှိတယ်။ သို့သော်လည်းပဲ ငြိမ်းချမ်းရေးမရသေးတဲ့နေရာတွေဖြစ်နေတော့ အဲဒီနေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံပြီး လာလုပ်ဖို့အတွက်ကတော့ သိပ်တော့ မလွယ်သေးဘူးပေါ့။”

မြန်မာပြည်ကထွက်တဲ့ရာဘာက ပြည်တွင်းထွက်သမျှရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို ပြည်တွင်းမှာသုံးပြီး ဘယ်လောက်ကို ပြည်ပတင်ပို့နေလဲ။

“ကျနော်တို့ ပြည်တွင်းသုံးအနေနဲ့ကတော့ ၈ ရာခိုင်နှုန်းလောက်ပဲရှိပါသေးတယ်။ ကျနော်တို့ဆီမှာ ကုန်ချောထုတ်တဲ့အပိုင်းမှာ အရမ်းအားနည်းတာပေါ့နော်။ အဲဒီတော့ ပြည်တွင်းသုံးအနေနဲ့က ၈ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ နိုင်ငံခြားကို အိပ်စပို့ကတော့ ၉၂ ရာခိုင်နှုန်းလောက်သွားတာပေါ့။”

မြန်မာ့ရာဘာဟာ ပြည်ပဈေးကွက်မှာ ဈေးကောင်းရော ရရဲ့လား။

“ကျနော်တို့ဆီက ရာဘာဟာ ဈေးကောင်းမရဘူးခင်ဗျ။ ဈေးကောင်းမရဘူးဆိုတဲ့ အကြောင်းကလည်း ကျနော်တို့ဆီက ထုတ်တဲ့ရာဘာတွေက ပထမပိုင်းမှာတော့ Quality (အရည်အသွေး) တော်တော် ကောင်းခဲ့ပါတယ်။ တော်တော်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရာဘာထုတ်တဲ့လုပ်ငန်းတွေမှာပေါ့နော် စည်းစနစ်မကျဘဲနဲ့ ဖြစ်ကတတ်ဆန်းလုပ်တာတွေ များတဲ့အခါကျတော့ အရည်သွေးက တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်တာပေါ့နော်။ များသောအားဖြင့် ကျနော်တို့ဆီမှာက ခြံကြီးဆိုတာ ရာခိုင်နှုန်းနည်းပါတယ်။ ခြံကြီးက ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတာပေါ့။ ခြံငယ်တွေက ၉၀ ရာခိုင်နှုန်းလောက်ရှိတာပေါ့။ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ခြံငယ်တွေက ရာဘာကို RSS ထုတ်တဲ့နေရာမှာ ပစ်စလက်ခတ်ပေါ့ စည်းစနစ်မကျတာတွေ၊ နည်းစနစ်မကျတာတွေ ရှိတဲ့အခါကျတော့ ကျနော်တို့တိုင်းပြည်ကထုတ်တဲ့ ရာဘာအရည်အသွေးအနေနဲ့က တော်တော်လေးကို ဆိုးဆိုးဝါးဝါး ညံ့ဖျင်းတဲ့အခြေအနေရှိတာပေါ့။ အဲဒီလိုရှိတဲ့အတွက် နိုင်ငံခြားကို ရောင်းတဲ့အခါမှာ ကမ္ဘာ့ပေါက်ဈေးရဲ့ တတန်ကို ဒေါ်လာ ၃၀၀၊ ၄၀၀ လောက် လျှော့ရောင်းရတာပေါ့။ ၁၀၀၀ လောက်ပေါက်နေတာကို ၆၀၀ လောက်ပဲရတာပေါ့။ Quality အရည်အသွေးကြောင့်ပါ။ အရည်အသွေးက တအားကို၊ တော်တော်လေးကို အခြေအနေဆိုးဝါးတာပေါ့နော်။ လက်ရှိကျနော်တို့ နိုင်ငံခြားကိုရောင်းနေတဲ့ RSS-3 ဆိုတဲ့ ရာဘာတွေက တကယ့်တကယ်ပြောရမယ်ဆိုရင်၊ အင်တာနေရှင်နယ်ဂရိတ်နဲ့ ပြောမယ်ဆိုရင် RSS- 5 တောင်မှ မ၀င်ဘူးပေါ့နော်။ အဲလိုဖြစ်တယ်ပေါ့။ အဲဒါကြောင့်မို့လို့ ဈေးက တော်တော်လေးကို ဟိုဒင်း(လျော့) နေတာပေါ့။ အဲဒီ Control (ထိန်းကြောင်း) ကိစ္စကိုလည်း ကျနော်တို့အသင်းနဲ့၊ နိုင်ငံတော်အစိုးရပိုင်းနဲ့ ပူးပေါင်းပြီးတော့ တစိုက်မတ်မတ် ထိန်းသိမ်းဖို့ လုပ်နေတာပေါ့နော်။”

၂၀၁၁ လောက်တုန်းက ရာဘာဈေးနဲ့ လက်ရှိကာလ ပေါက်ဈေးနဲ့က တော်တော်ကွာနေတာတွေ့ရတယ်။ ဈေးနှုန်းက ဘယ်လောက်ဖြစ်နေလဲ။

“ပြည်တွင်းဈေးကတော့ ပေါင်နဲ့ ကျပ်နဲ့တွက်တာ၊ ပြည်ပဈေးက တန်နဲ့ ဒေါ်လာနဲ့တွက်တာ။ ပြည်တွင်းဈေးက မနေ့က RSS – 3 ကို တပေါင် ၇၀၀ ကျပ်လောက်ပေါက်တယ်ဆိုတော့ ဈေးတက်လာတာပေါ့နော်။ တပေါင်ကို တစ်ရာကျော်ကျော်တက်လာတာပေါ့ ဒီတပတ် အတွင်းမှာ။ ဒေါ်လာနဲ့ဆိုရင်တော့ တတန်ကို တစ်ထောင့်သုံးရာ။ ဒါက ကျနော်တို့ မြန်မာပြည်ကပို့တဲ့ အိပ်စပို့ဈေး။”

၂၀၁၂-၁၃ တုန်းက RSS-3 က တတန်ကို ဒေါ်လာ ၂၇၀၀-၂၈၀၀ လောက်ပေါက်တယ်ဆိုတော့ တအားကျထိုးကျသွားတာပေါ့။ အဲလောက်ထိကွာလား။

“ဟုတ်တယ်။ ကွာတယ် ထက်ဝက်လောက်ကျတယ်။ ဟိုတုန်းက ဒေါ်လာ သုံးထောင်လောက်ပေါက်တယ်။ အခုဟာက ၁၅၀၀ ပတ်ခြာလည်မှာပဲ သွားနေတယ်။ ဒီလပိုင်းကျမှ ဈေးက နည်းနည်း ပြန်တက်လာတာပေါ့။”

ရာဘာအရည်အသွေးညံ့ရခြင်းအကြောင်းရင်းတွေထဲမှာ ဖြစ်ကတတ်ဆန်းလုပ်တာ အပြင် သန့်ရှင်းမှုတွေလိုတယ်လို့ မှတ်သားရပါတယ်။ အက်စစ်သုံးစွဲမှုအပိုင်းမှာလည်း လိုတယ်ဆိုတာ ကြားရတယ်။ ခြံရှင်တွေက မသုံးစွဲနိုင်တာလား။

“အဲဒါတွေက ဒီလိုပါ။ ရာဘာမှာ အရည်အသွေးကောင်းဖို့ဆိုတာက Dust Percentage (ဖုန်မှုန့်ပါဝင်မှုရာခိုင်နှုန်း) ပေါ့နော် ဖုန်၊ သဲ၊ ခဲ၊ အမှိုက်သရိုက်ကင်းစင်ဖို့လိုတာပေါ့။ ရာဘာအရည်အသွေး RSS တို့ ထုတ်တဲ့အရည်အသွေး ကောင်းဖို့ဆိုတာက အပင်ကထွက်တဲ့အစေးရည်နဲ့ မပတ်သက်ဘူးပေါ့။ မျိုးနဲ့ မပတ်သက်ဘူး။ တကယ်တမ်းက ထုတ်လုပ်တဲ့ဆီမှာ Processing ဆီမှာပဲ ကွယ်လတီ နိမ့်တာမြင့်တာဖြစ်တာပေါ့။ အဓိကကတော့ ဖုန်၊ သဲ၊ ခဲ၊ အမှိုက်သရိုက်ကို လုံးဝမပါအောင်ပေါ့နော် စကာတွေနဲ့ အဆင့်ဆင့်ပေါ့ စကာကို သုံးဆင့်လောက်၊ စကာကို ၄၀ စကာ၊ ၈၀ စကာ၊ ၆၀ စကာပေါ့နော် သုံးဆင့်လောက် သေသေချာချာစစ်ပြီးတော့မှ၊ ပြီးတော့ စေးခဲ့တဲ့အခါမှာလည်း သုံးရမယ့်အက်စစ်က ဖောမစ်အက်ဆစ်ကိုသုံးရတယ်။ ဖောမစ်အက်ဆစ်ကိုသုံးတဲ့နေရာမှာ ဖောမစ်အက်ဆစ်ကို မသုံးဘဲနဲ့ ရရာအက်ဆစ်ပေါ့နော်၊ ဥပမာ- ဆာလဖြူရစ်အက်ဆစ်တို့၊ ပြီးတော့ တချို့ဆိုရင် တော်တော်ဆိုးဆိုးဝါးဝါးပေါ့နော် ဓာတ်မြေသြဇာတွေ ထည့်ခဲတာတို့ အဲလိုတွေ လုပ်တယ်။ အဲဒီအခါကျတော့ ရာဘာရဲ့ အရည်အသွေးက တအားကျဆင်းတာပေါ့။ တကယ်တမ်းတော့ ရာဘာအရည်အသွေး တက်ဖို့ဆိုတာက သန့်ရှင်းမှု၊ သပ်ရပ်မှုနဲ့ ထွက်လာတဲ့အပြားကို စက်နဲ့ကြိတ်တဲ့အခါမှာလည်း ၃ မီလီမီတာထုတ်ထက် ပိုမထူအောင် ကြိတ်ပြီးတော့မှ သန့်ရှင်းတဲ့နေရာမှာ ဖုန်၊ သဲ၊ ခဲ၊ အမှိုက်သရိုက်ကင်းတဲ့နေရာမှာ အခြောက်ခံမယ်ဆိုရင် အရည်အသွေး အများကြီးတက်လာတာပေါ့။ အခုကတော့ ဖြစ်ကတတ်ဆန်းပေါ့။ ရရာအက်ဆစ်နဲ့ခဲတယ်၊ ပြီးတော့ ကြိတ်တဲ့အခါမှာလည်း ရာဘာပြားထုကြီးက တမတ်ထုတို့၊ ငါးမူးထုတို့ သုံးမတ်ထုတို့လောက်ရှိတယ်။ ဒီလောက် ထူသွားတဲ့အခါကျတော့ ရာဘာရဲ့ ကျက်နိုင်တာ၊ ကျက်သွားဖို့အတွက် ဘယ်လောက် အပူရှိန်ပေးပေး အတွင်းသားတွေက မကျက်ဘဲနဲ့ကျန်ခဲ့တော့ ကွယ်လတီနိမ့်သွားတာပေါ့။ အဲဒီတော့ အဲဒီဟာတွေက ဘာပြန်လုပ်ရလဲဆိုတော့ နိုင်ငံခြားက၀ယ်တာရော ကျနော်တို့ဆီမှာလည်း အခု စက်ရုံသုံးရုံလောက်တော့ ဖြစ်လာပြီပေါ့နော်။ Cramp Rubber ရာဘာပြန်လုပ်ရတယ်။ စက်တွေနဲ့ပြန်ကြိတ်၊ ကြိတ်ပြီးတော့ ရေတွေနဲ့ ပြန်ဆေးထုတ်ပေါ့နော် နောက်တဆင့် စက်ရုံမှာ ပြန်ထုတ်ရတာပေါ့/ ကွယ်လတီမြင့်ဖို့က အဓိကကတော့ ပေါ့နော် ဖုန်၊ သဲ၊ ခဲ၊ အမှိုက်သရိုက်ကင်းမယ်။ သုံးရမယ့်အက်ဆစ်သုံးမယ်။ အထူကို ဂရုစိုက်မယ်ဆိုရင် ဒါဟာ တက်လာတဲ့အခြေအနေရှိတာပေါ့။ သိပ်လည်း ခဲယဉ်းတဲ့ဟာတော့ မဟုတ်ဘူး။ အရည်သွေးတက်ဖို့က အတတ်ပညာရပ် မြင့်မြင့်မားမားသုံးစရာမလိုဘဲ၊ နည်းပညာကြီးကြီးမားမားမလိုဘဲ ဂရုစိုက်လိုက်ရင် ဖြစ်လာမယ့်အနေအထားမျိုးပေါ့။”

သုံးစွဲသင့်တဲ့ ဖောမစ်အက်ဆစ်မသုံးကြဘဲ တခြားအက်စစ်သုံးတာက အက်ဆစ်ဈေးနှုန်း တအားကွာခြားလို့လား။

“ဒီလောက်ကြီး ဈေးက မကွာပါဘူး။ အကြမ်းဖျင်းပြောလို့ရှိရင် ဆာလဖျူရစ်အက်ဆစ်နဲ့ ခဲမယ်ဆိုရင် ရာဘာတပေါင်ကို ကုန်ကျစရိတ်က ၁ ကျပ်ခွဲ၊ ၂ ကျပ်လောက်ကျမယ်ပေါ့နော်၊ ဖောမစ်အက်ဆစ်နဲ့သုံးပြီးခဲမယ်ဆိုရင်တော့ ၄ ကျပ်လောက် ကျမယ်ပေါ့။ သိပ် ဒီလောက်ကြီးလည်း တက်သွားတာမျိုးမဟုတ်ပါဘူး။”

ပြည်ပပို့နေတဲ့ မြန်မာ့ရာဘာဟာ တခြားရာဘာတင်ပို့နိုင်ငံတွေက ရာဘာတွေနဲ့ ဈေးကွက်မှာ ယှဉ်ရင် အရည်အသွေးပိုင်းမှာ ဘယ်အဆင့်လောက်မှာရှိလဲ။ တန်းစီလိုက်ရင်။

“ဘယ်အဆင့်လောက်ရှိလဲဆိုရင် ပြောရမယ်ဆိုရင် အောက်ဆုံးအဆင့်လို့ပဲ ပြောရမလိုဖြစ်နေတာပေါ့ အခုအချိန်မှာက။ အခုက အရည်အသွေး ထိန်းကြောင်းတဲ့ကိစ္စကို ကျနော်တို့ တစိုက်မတ်မတ် လုပ်နေကြရတာပေါ့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက လုပ်နေကြတာ။ အခုတော့ နိုင်ငံခြားအကူအညီတွေဘာတွေနဲ့လည်း ကျနော်တို့ လုပ်နေတာပေါ့။”

မြန်မာ့ရာဘာကို ပြည်ပကိုတင်ပို့ရောင်းချရရှိတဲ့ ၀င်ငွေကို လွန်ခဲ့တဲ့ နှစ်နှစ်ခန့်နဲ့ နှိုင်းယှဉ်ပြောပြပါ။ တက်လာလား။ ကျသွားလား။

“ရာဘာက ရတဲ့ဝင်ငွေက ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကျော် ၃ နှစ်လောက် တုန်းကဆိုရင်တော့ ၀င်ငွေအနေနဲ့ တော်တော်လေးကောင်းပါတယ်။ တော်တော်လေး အားရစရာကောင်းတာပေါ့။ ဒါပေမယ့် အခု ၂ နှစ်၊ ၂ နှစ်ခွဲလောက်အတွင်းမှာ ရှင်းရှင်းပြောရလို့ရှိရင် ကမ္ဘာ့ပေါက်ဈေးကလည်း ထက်ဝက်ကျော်လောက်ထိုးကျသွားတာပေါ့။ ဆိုတော့ ကျနော်တို့ဆီကလည်း ဈေးက ထက်ဝက်ကျော်လောက် ထိုးကျသွားတဲ့အခါကျတော့ တချို့ ခြံငယ်တော်တော်များများက မျိုးမမှန်တဲ့ပြဿ နာတွေရှိတာပေါ့နော်။ အထွက်နှုန်းမြင့်တဲ့မျိုးတွေ မစိုက်မိဘဲနဲ့ အထွက်နှုန်းညံ့တဲ့မျိုးတွေ စိုက်ထားတဲ့ ခြံမျိုးဆိုလို့ရှိ့ရင်တော့ အခုလက်ရှိဈေးနဲ့ ဆိုလို့ရှိရင် ထုတ်လုပ်မှုစရိတ်အောက် ရောက်နေတဲ့အတွက် ဆက်ပြီးတော့ ထုတ်လုပ်နိုင်တဲ့ အခြေအနေတောင် မရှိဘူးပေါ့နော်။”

မြန်မာ့ရာဘာကို ဘယ်နိုင်ငံတွေကို အဓိကပို့လဲ။ ဘယ်လမ်းကြောင်းတွေကပို့လဲ။

“အဓိက ပို့တဲ့နိုင်ငံကတော့ တရုတ်နိုင်ငံပါပဲခင်ဗျ။ သူကလည်း ကမ္ဘာပေါ်မှာ ရာဘာအ၀ယ်အများဆုံးနိုင်ငံဖြစ်နေတာကိုး။ အစိုးရချင်းပို့တာမဟုတ်ပါဘူး။ ကျနော်တို့က ရတယ်။ နယ်စပ်ကလည်းသွားတယ်။ အိုဗာဆီးကလည်း သွားပါတယ်။”

မြန်မာ့ရာဘာကို ကုန်ကြမ်းချည်းပဲ ပို့ရာကနေ ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့နိုင်အောင် ဘယ်လိုစီစဉ်ဆောင်ရွက်နေလဲ။

“ကုန်ချောအဖြစ်ပို့ဖို့က လက်ရှိကတော့ ကျနော်တို့ ဒီမှာ ပုဂ္ဂလိက အနေနဲ့ ကြီးကြီးမားမားပေါ့ ကုန်ချောထုတ်ပြီးတော့ ပြည်တွင်းသုံးရော၊ နိုင်ငံခြားကိုရော Export ပို့နိုင်တဲ့ ကုမ္ပဏီကတော့ ရန်ကုန်တာယာပေါ့နော် မော်တော်ကားတာယာထုတ်တာ။ ရန်ကုန်တာယာကတော့ ပြည်တွင်းသုံးရော၊ နိုင်ငံခြားကိုရော ကုန်ချောအနေနဲ့ Export အနေနဲ့ ထုတ်လုပ်တင်ပို့နိုင်တဲ့အခြေအနေ ရောက်နေပြီပေါ့နော်။ အဲဒီအတိုင်းပဲ ကျနော်တို့ဆီမှာ နောက်တခုကတော့ MEC ပေါ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (Myanmar Economic Corporation) ကနေ ပြီးတော့လည်း အခု တာရာစက်ရုံ အကြီးကြီးတလုံး အင်းစိန်မှာဆောက်ပြီးတော့ သူတို့လည်း ထုတ်လုပ်နေပြီပေါ့နော်။ ထုတ်တော့ထုတ်တယ် ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ ကျနော်တို့ဆီက ကုန်ချောထုတ်တယ်ဆိုတာ ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းတယ်လို့ ပြောရမှာပေါ့နော်။ ဒီထက်မက အများကြီး လုပ်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ထွက်ရှိတဲ့ရာဘာရဲ့ ထက်ဝက်လောက်ကို ကုန်ချောထုတ်နိုင်မယ်ဆိုရင် ဒါဟာ ၀င်ငွေလည်း တိုးလာမှာပေါ့နော်။ အမြတ်အစွန်းလည်း ပိုရရှိမယ်။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးရရှိလာမှာပေါ့။ ဒါပေမယ့် အဲဒီအဆင့်လုပ်ဖို့ကတော့ ကျနော်တို့ဆီမှာ လုပ်နိုင်တဲ့ အင်အားက နည်းနည်းနည်းတယ်။”

အခု MEC ၀င်လာတော့ အားမဖြစ်ဘူးလား။ သူကလည်း ကြီးမားတယ်မဟုတ်လား။

“MEC တာယာစက်ရုံကြီးကတော့ ကြီးပါတယ်။ သူတို့က အခုကတော့ စမ်းသပ်လည်ပတ်နေပြီပေါ့နော်။ ကျနော်တို့တနိုင်ငံလုံးမှာ တာယာစက်ရုံဆိုလို့ ပထမ အစတုန်းက ဆိုလို့ရှိရင် ဒီ အစိုးရပေါ့နော်။ စက်မှုဝန်ကြီးဌာနမှာ နှစ်ရုံရှိတယ်။ သထုံတာယာစက်ရုံတလုံး၊ ဘီလင်းမှာ တာယာစက်ရုံတလုံး။ ပုဂ္ဂလိကအနေနဲ့ ပြောလို့ရှိရင်တော့ ရန်ကုန်တာယာစက်ရုံ၊ အခု နောက်တည်တဲ့ MEC တာယာစက်ရုံ၊ အဲဒီလေးခုပဲရှိတာပေါ့နော် တာယာထုတ်တာဆိုလို့။ အခုတော့ ဘီးလင်းတာယာစက်ရုံကလည်း ရန်ကုန်တာယာစက်ရုံ ပုဂ္ဂလိကနဲ့ ဖက်စပ်ပြီးတော့ ထုတ်နေပြီပေါ့နော်။ ဒါပေမယ့်လည်း ရာခိုင်နှုန်းအားဖြင့် ပြောရင် ကုန်ကြမ်းသုံးစွဲမှုမှာ အရမ်းနည်းနေသေးတာပေါ့နော်။ စက်ရုံတွေ အပြည့်လည်မှ ကုန်ကြမ်းသုံးစွဲမှုက ဆယ်ရာခိုင်နှုန်းလောက်ပဲရှိအုန်းမှာပါ။”

နည်းပညာ၊ လုပ်ငန်းကျွန်းကျင်မှု၊ အရင်းအနှီးစိုက်ထုတ်မှုမှာ ပြည်ပ၀င်မှု နည်းတယ် ဆိုတာ့ ပြည်တွင်းက သူဌေးကြီးတွေကရော ရာဘာလုပ်ငန်းတက်လာဖို့ ဘယ်လောက် ရင်းနှီးမြှုပ်နှံကြသလဲ။ စိတ်ဝင်စားကြလဲ။

“ပြည်တွင်းမှာတော့ ကျနော်တို့သိသလောက်ဆို ရာဘာလုပ်ငန်းကို မြှင့်တင်ဖို့အတွက် တစိုက်မတ်မတ်လုပ်တာ ရန်ကုန်တာယာစက်ရုံတခုပဲ ကြီးကြီးမားမားရှိသေးတာပေါ့နော်။ ကျန်တာတွေက ဘယ်လိုပြောမလဲ တဆင့်ကုန်ချောပေါ့နော်။ ခရမ့်စက်ရုံကတော့ စက်ရုံအကြီးကြီးသုံးရုံရှိတာပေါ့။”

ရာဘာပင် စတင်စိုက်ပျိုးချိန်ကနေ အစေးခြစ်ယူနိုင်တဲ့အချိန်အထိ ဘယ်လောက်ကြာ သလဲ။

“ပုံမှန်ပြုစုပျိုးထောင်မှုနဲ့ ပုံမှန်လုပ်သွားမယ်ဆိုရင် စစိုက်တဲ့နှစ်ကစပြီးတော့ ဆိုရင် ခုနှစ်နှစ်လောက်စောင့်ရတယ်။ ဒါပေမယ့် ပိုက်ဆံတအားသုံးနိုင်တယ်ဆိုရင်တော့ ခြောက်နှစ်လောက်နဲ့ ပြန်ရနိုင်တာပေါ့။”

ကမ္ဘာ့ရာဘာဈေးကလည်း ထိုးကျနေတယ်။ မြန်မာ့ရာဘာကလည်း အရည်အသွေးကြောင့် ဈေးကောင်းမရဘူးဆိုတော့ မြန်မာပြည်က ရာဘာလုပ်ငန်းက လုပ်သားတွေ၊ ခြံရှင်တွေရဲ့ လူနေမှုဘ၀အခြေအနေက ဘယ်လိုဖြစ်နေကြသလဲ။

“အဓိကကတော့ ခြံရှင်တွေအတွက် ထိခိုက်မှု ပိုများတာပေါ့။ ခြံလုပ်သားတွေကျတော့ ဈေးကျလို့ လုပ်ခလစာလျှော့ပေးတာတို့ဘာတို့ လုပ်လို့မရဘူး။ ဈေးကျပေမယ့်လည်း သူတို့ကို ပေးနေရတဲ့ လုပ်အားခကတော့ ပေးနေရတာပဲ။ ဆိုတော့ ထိခိုက်မှုကတော့ ခြံရှင်တွေ ပိုများတာပေါ့။”

နိုင်ငံတ၀န်းမှာ လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ကြရသလိုဖြစ်ရပ်မျိုး ရာဘာခြံတွေ မှာရော ကြုံရလား။ သိမ်းဆည်းခံရတဲ့ ခြံတွေ လျော်ကြေးရကြလား။

“ရာဘာကဏ္ဍမှာတော့ အဲဒီလိုဟာမျိုးတွေက သိပ်ကြီးကြီးမားမား မရှိပါဘူးခင်ဗျ။ သိပ်ကြီးကြီးမားမားမရှိပါဘူး။ အနည်းအကျဉ်းလောက်တော့ ရှိပါတယ်။ ဒါပေမယ့် တချို့ပေါ့နော် နိုင်ငံတော်စ်ီမံကိန်းနဲ့ မလွတ်တဲ့ဟာတွေ သိမ်းတာတွေကျတော့ လျော်ကြေးတွေကို ထိုက်ထိုက်တန်တန်ရရှိပါတယ်။”

မြန်မာ့ရာဘာကဏ္ဍ တိုးတက်ဖြစ်ထွန်းအောင် ဘယ်လိုအကြံဉာဏ်တွေရှိလဲ။

“ကျနော်တို့ကတော့ ရာဘာကဏ္ဍကို မြှင့်တင်ဖို့အတွက် ကျနော်တို့လုပ်နေတာ နံပါတ် ၁ အရေးအကြီးဆုံးကတော့ ပထမ ရာဘာ စစိုက်တဲ့အချိန်မှာ မြေနေရာ ရွေးချယ်မှုမှန်ကန်ဖို့၊ ပြီးတော့ မြေနေရာ ရရှိမှုပေါ့။ နံပါတ် ၂ ကတော့ မျိုးမှန်ကန်ဖို့ပေါ့။ ကိုယ်စိုက်မယ့်နေရာဒေသနဲ့ ရာသီဥတုနဲ့ ကိုက်ညီမယ့် မျိုးပေါ့နော်။ အဲဒီဒေသမှာရှိတဲ့ ရောဂါဒဏ်ခံနိုင်တဲ့မျိုးဖြစ်ဖို့ပေါ့။ ပြီးတော့ အဲဒီမျိုးကလည်း အထွက်နှုန်းအမြင့်ဆုံးမျိုးဖြစ်ရမယ်။ ဘာဖြစ်လို့လည်းဆို ရော်ဘာမှာက ကျနော်တို့ဆီမှာ အထွက်နှုန်းတွေက တနှစ် ၁ ဧကကို ရာဘာပေါင် ၅၀၀ ထွက်တဲ့မျိုးကနေပြီးတော့ ပေါင် ၁၆၀၀ လောက်ထိ ထွက်တဲ့မျိုးအထိ ရှိတာပေါ့။ ဆိုတော့ စစိုက်တဲ့ မျိုးရွေးချယ်မှု မှားယွင်းသွားတာနဲ့ အဲဒီ မှားယွင်းသွားတဲ့သူတွေရဲ့ ထိခိုက်မှုက တောက်လျောက်ကြီးသွားနေတာပေါ့နော်။ အဲတော့ ၁၆၀၀ လောက် ထွက်တဲ့မျိုးကို မစိုက်မိဘဲနဲ့ ၇၀၀ လောက်ထွက်တဲ့မျိုးကို စိုက်မိတယ်ဆိုရင် ထက်ဝက်လောက် Rubber-1-copyအထွက်နှုန်းကွာနေပြီ။ ပိုက်ဆံပြန်ရတဲ့အခါမှာ ထက်ဝက်လောက် ကိုယ်က ဆုံးရှုံးနေတာပေါ့။ အဲဒီလို ဆုံးရှုံးမှုမရှိအောင်လို့ မျိုးရွေးချယ်မှုမှန်ကန်ဖို့ အဓိက အရေးကြီးတာပေါ့။ မျိုးရွေးချယ်မှုမှန်ကန်ပြီးတော့ စိုက်ပြီးတာနဲ့လည်း ကိုယ်စိုက်ထားတဲ့ခြံရဲ့ စိုက်နည်းစနစ်တို့၊ ထိန်းသိမ်းနည်းစနစ်တို့လည်း မှန်ကန်ဖို့လိုတာပေါ့။ အဲဒါတွေလည်း အရေးကြီးတယ်ပေါ့နော်။ ပြီးတော့ ကိုယ်က ခြောက်နှစ်လောက်၊ ခုနှစ်နှစ်လောက် ရင်းပြုပြီးတော့ ထွက်လာတဲ့အခါမှာလည်း ကိုယ့်ခြံကထုတ်တဲ့ရာဘာက ကွယ်လတီထုတ်ဖို့လည်း အရေးကြီးတယ်။ ဒါမှလည်း ကိုယ်က ဈေးတန်းတတန်းကို ကိုယ်ရရှိမှာပေါ့နော်။ အရည်အသွေးကောင်းဖို့လိုတာပေါ့။ အခု ကျနော်တို့ကလည်း ကွယ်လတီကို အဓိကထားပြီးတော့ တွန်းအားပေးပြီးတင်နေတာပေါ့နော်။ ကွယ်လတီဘက်ကို စပြီးတော့ စသွားတဲ့အချိန်မှာပေါ့နော် တခုရှိတာက ဈေးအနေနဲ့က ဈေးကောင်းမရနိုင်သေးဘူးပေါ့။ ဘာကြောင့်လဲဆို ကိုယ်က နာမည်တခုပြန်ရအောင် ထိန်းသိမ်းရဦးမှာကိုး။ ဈေးကောင်းရဖို့ကလည်း ရော်ဘာဝယ်တဲ့အခါကျတော့ပေါ့နော် ကွယ်လတီကောင်းတဲ့ ရာဘာဆိုလို့ရှိရင်၊ တခါ ရောင်းတဲ့သူက ကွယ်လတီကောင်းနဲ့ အာမခံနဲ့ ရောင်းပေမယ့်လည်း ၀ယ်တဲ့သူက တစ်လကို ကွန်တိန်နာ တလုံး ပေးနိုင်မလား၊ နှစ်လုံး ပေးနိုင်မလား၊ သုံးလုံးပေးနိုင်မလား အဲဒီလို အရေအတွက်လည်း လိုတာပေါ့နော်။ အဲဒီလို အရေအတွက်များများ ကွယ်လတီဖြစ်လာလို့ရှိရင်တော့ ကျနော်တို့တိုင်းပြည်ရဲ့ရာဘာက ကမ္ဘာ့ပေါက်ဈေးနဲ့ နီးနီးစပ်စပ် ရရှိလာမှာပေါ့။ လတ်တလောအခြေအနေမှာရဖို့တော့ ကြိုးစားရဦးမှာပေါ့။ ဒီနေ့ကွယ်လတီလုပ်ပြီးတော့ နောက်နေ့ ဈေးကောင်းရမယ်ဆိုတဲ့ဟာမျိုးတော့လည်း မဖြစ်နိုင်သေးဘူးပေါ့။ ဘာဖြစ်လို့လည်း ဆို ကွယ်လတီကောင်းသလို အရေအတွက်လည်း အာမခံ ရောင်းပေးနိုင်တဲ့အခြေအနေ ရှိရဦးမှာကိုး။ အခုလတ်တလောမှာ ကျနော်တို့ဆီမှာ ကွယ်လတီကိုသွားနေတာ ခြံငယ်တွေနဲ့ ခြံကြီးတွေနဲ့ဆို ၁၀ ရာခိုင်နှုန်းကျော်ကျော်လောက်ရှိတာပေါ့လေ။ ဒါပေမယ့် ကျန်တဲ့ခြံတွေကနေပြီးတော့ ငါးဆယ်ရာခိုင်နှုန်းလောက်ဖြစ်လာပြီဆိုရင်တော့ ကျနော်တို့ ဈေးတန်းတတန်းကို ရရှိဖို့ သေချာနေပြီ။ အခုကတော့ မြန်မာ့ရာဘာက ရုန်းနေရဆဲပဲ၊ ရုန်းနေရဆဲပဲ။”

http://burmese.dvb.no/
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ရာဘာစိုက်ပျိုးခြင်း

Who is online

Users browsing this forum: No registered users and 2 guests

cron