လက်ပံတောင်းတောင်ပြဿနာ

လက်ပံတောင်းတောင်ပြဿနာ

Postby acmv » Sat Jan 25, 2014 6:31 am

လက်ပံတောင်းတောင်ပြဿနာကို တရုတ်ကမကြိုက်သလို၊ အမေရိကန်ကလည်း အားမပေးဘူး။ အစိုးရက တုတ်နဲ့ ရိုက်၊ သေနတ်နဲ့ ပစ်၊ မီးလောင်ဗုံးနဲ့ ဖိနှိပ်တယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်စုကလည်း အစိုးရဘက်က ရပ်တယ်။ အားလုံးကိုခြုံကြည့်လိုက်ရင် လက်ပံတောင်းတောင်ပြဿနာဟာ တရုတ်၊ အမေရိကန်၊ (ကြံ့ဖွံ့ )အစိုးရ၊ အတိုက်အခံ အားလုံးဝိုင်းနှိမ်နေကြတဲ့ကြားက ငြိမ်ဝပ်ပိပြားမသွားဘဲ ရုန်းကန်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဒီလောက်အင်အားကြီးတွေက ၀ိုင်းနှိမ်နေတဲ့ကြားက ဘာကြောင့်ငြိမ်မသွားတာလဲ။ ဘာကြောင့်အလျော့မပေးကြသလဲ။ ရှင်းပါတယ်။ (၁)က လယ်သမားပြဿနာ ဖြစ်နေလို့ ပါ။

(၂)က မြေယာပြဿနာဖြစ်နေလို့ ပါဘဲ။ ပြည်သူတွေဒုက္ခရောက်နေရင် အမေရိကန်ကြိုက်ကြိုက် မကြိုက်ကြိုက်၊ တရုတ်ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဦးသိန်းစိန်ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဒေါ်စုကြိုက်ကြိုက် မကြိုက်ကြိုက် ပြည်သူ့ ဘက်က ဆင်းရဲသားဘက်က ရပ်တည်မှာပါဘဲ။ “ပစ်သာထားလိုက်ပါ၊ မခံနိုင်တဲ့အဆုံးမှာ သူတို့ ငြိမ်သွားကြ မှာပေါ့” လို့ အမြင်ကျဉ်းကျဉ်းနဲ့ စဉ်းစားရင် တစ်နိုင်ငံလုံးက လယ်သမား၊ အလုပ်သမားတွေရဲ့  ယုံကြည်ကင်းမဲ့မှု၊ စိတ်ပျက်မှုကို ခံလာရလိမ့်မယ်။ ၂၀၀၈ အခြေခံထီးကို မိုးပြီး စစ်တပ်အရိပ်အောက်မှာ ဒီမိုကရေစီ ထူထောင်ချင် နေကြတဲ့ အစိုးရနဲ့ အတိုက်အခံတွေဟာ လယ်သမား၊ အလုပ်သမားတွေအတွက် အဖြေမရှာဘဲ ပြည်တွင်းပြည်ပ စီပွားရေးသမားတွေအတွက်လောက်ကိုဘဲ စဉ်းစားနေရင်တော့ တစ်နိုင်ငံလုံးက လယ်သမား၊ အလုပ်သမားအားလုံးရဲ့  ယုံကြည်မှုတွေ ပျက်စီးသွားပါလိမ့်မယ်ဆိုတဲ့အချက်ကို လုံးဝသဘောတူကြောင်း ဖော်ပြချင်ပါတယ်။ လက်ပံတောင်းသပိတ်စခန်းကို ဒီချုပ်ဥက္ကဌ လက်ပံတောင်းရောက်လာမယ့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ မနက် (၃)နာရီမှာ ရန်သူ သူပုန်စခန်းတစ်ခုကို ၀င်စီးသလို စစ်ဆင်ရေးတစ်ခုအဖြစ် စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတုန်းက အနောက်မြောက်တိုင်းမှူး (အခုစစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်) ကြီးကြပ်ကွပ်ကဲတဲ့ဒေသကြီးမှာ “ဒီပဲရင်းလုပ်ကြံမှုကြီး” ဖြစ်ခဲ့တာလေ။ ဒီနယ်မြေမှာဘဲ ဆင်းရဲသားလယ်သမားထုကြီးရဲ့  ကိုယ့်မြေကိုယ်ပြန်ရဖို့  ဆန္ဒဖော်ထုတ်တဲ့ “လက်ပံတောင်းသပိတ်စခန်းအကြမ်းဖက်နှိပ်ကွပ်မှုကြီး” ဖြစ်ခဲ့ရတာ ဘာများဆန်းသလဲဗျာ။ အတွေ့ အကြုံအရ၊ ဖြတ်သန်းမှုအရပြောရရင် နိုင်ငံရေးမှာ ဘက်လိုက်မှုရှိပါတယ်၊ အကျိုးစီးပွားရှိပါတယ်။ အဲဒီအချက်ကို “လက်ပံတောင်းသပိတ်စခန်း ချေမှုန်းပွဲကြီး” မှာ ဘယ်သူတွေက ဘာဘဲပြောပြော အဲဒီလိုပြောတဲ့သူတွေရဲ့  “တကယ့်နိုင်ငံရေး ရပ်တည်မှု” ဟာ ဘယ်ဘက်မှာရှိသလဲဆိုတာကို သူတို့ ရဲ့ ပြောမှုဆိုမှုပြုမူမှုတွေက သက်သေခံစမြဲဘဲမဟုတ်လားခင်ဗျ။ နာမည်ကြီးခေါင်းဆောင်များ၊ လူကြိုက်များတဲ့ ပေါ်ပြူလာအစုကြီးများ၊ မီဒီယာမှာ ပြောခွင့်ဆိုခွင့်ရထားကြတဲ့ “ဆီလီဘရစ်တီဆိုသူများ” က ဒီသပိတ်ကြီးဟာ လက်ဝဲသမားတွေ မြှောက်ပေးနေတာဖြစ်တယ်။ မင်းမဲ့လှုပ်ရှားမှုကြီးဖြစ်တယ်။ လွှတ်ထားလိုက်၊ ဓားခုတ်ရာ လက်မရှိုပါနဲ့ တဲ့၊ “ကိုယ်ညပ်နေမယ်” တဲ့။

တချို့ ဆီလီဘရစ်တီတွေ အတွက်တော့ လက်ပံတောင်းသပိတ်ကနေ (၁) ဒေါ်လာ မရနိုင်ဘူးခင်ဗျ။ (၂) ကြံ့ဖွံ့ အစိုးရထံက မမျှော်လင့်ဘဲ “မျက်နှာမရ ခြေထောက်ရ” ဖြစ်သွား နိုင်တယ်။ (၃)က ဘာစပွန်စာမှ မရနိုင်ပါဘူး။ အခန့် မသင့်ရင် “ထောင်” စပွန်စာ ရသွားနိုင်ပါတယ်။ ကိုယ့်ရုံးမှာကိုယ်အချိန်ကျရင် အဖြူလေး/အနီလေးချ။ အင်တာဗျူးလေးဘာလေးရှိရင် Paradoxical view လေးလုပ်။ နာမည်လည်း ကြီးလာမယ်။ မသိတဲ့သူတွေလည်း အထင်ကြီးမယ်။ “win - win game” ကစားရမယ်။ ကြံ့ဖွံ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ “ဒီမိုကရေစီယဉ်ကျေးမှု” ကို မြှင့်တင်ပေးရမယ်။ လက်ဝဲအစွန်းရောက်တွေရဲ့  “တစောက်ကန်းဝါဒ” ကို ဆန့် ကျင်ရမယ်တဲ့။ ဒါမှ “အမျိုးသားပြန်လည်သင့်မြတ်ရေး” အလျင်အမြန် အကောင်အထည်ဖြစ်မယ်လို့  ရွှေပြည်အေးဝါဒီများက နိမိတ်ဖတ်ကြပါတယ်ခင်ဗျား။ ဗမာပြည် မြေယာပေါ်လစီရဲ့ သမိုင်းကြောင်းကို နည်းနည်းခြေရာကောက်ကြည့်ချင် ပါတယ်။ သက်ဦးဆံပိုင်ဘုရင်ကို ထုတ်လုပ်မှုရဲ့ ဆယ်ဖို့ တစ်ဖို့ ၊ ဆယ်ခိုင်တစ်ခိုင် အခွန်ပေးရင် လုံလောက်ပါပြီ။ အင်္ဂလိပ်က အင်္ဂလိပ် - ကုလားကုမ္ပဏီကြီးများ ဖြစ်တဲ့ မက်ဂရီကာ၊ ဖူးကား စတဲ့ကုမ္ပဏီကြီးများကို မြေရိုင်းတိုးခိုင်းပါတယ်။

အိန္ဒိယက “ချစ်တီးယား” ကုလားလူမျိုး သူဌေးကြီးများကို ခေါ်ယူပြီး အတိုးကြီးစား စနစ်နဲ့ ငွေချေးခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့  မြန်မာ့မြေယာစီးပွားရေးလုပ်ငန်ကြီးအတွင်းမှာ အတိုးကြီးစားစနစ်၊ အမြတ်ကြီးစားစနစ်နဲ့  ကုလား၊ တရုတ်၊ မြန်မာမြေရှင်၊ အရင်းရှင်လူမှုအစုများ တဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ “ပွဲစားကြီးများ” ဆိုတာဟာ မြန်မာ့အရှင်းရှင်စနစ်ရဲ့  အရင်းရှင်လူမှုပုံစံပါဘဲ။ လွတ်လပ်ရေးရပြီး ၁၉၅၁/၅၂ မှာ ဖဆပလအစိုးရက “လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ” ကို ပြဌာန်းပြီး မြေရှင်ကြီးစနစ်ကို ဖျက်သိမ်းပစ်ခဲ့တယ်ဆိုပါတယ်။ မြေဧက (၅၀)အထက် ပိုင်သူများရဲ့ မြေယာများကိုသိမ်းပြီး သားသမီးများကို ဝေခြမ်းပေးကာ “ဦးပိုင်မြေစာရင်း” သွင်းပေးခဲ့ပါတယ်။ ၆၂ မဆလအစိုးရလက်ထက်မှာတော့ ၁၉၆၁ မြေယာချထားမှု (မြေငှားမှု)ကို အစိုးရက သိမ်းလိုက်ပါတယ်။ ငွေကြေးချေးငျားမှုကိုလည်း ချုပ်ကိုင်လိုက်ပါတယ်။ သီးနှံ (၁၀)မျိုး ရောင်းဝယ်မှုနဲ့  ဈေးနှုန်းကိုလည်း အစိုးရက သတ်မှတ်ချုပ်ကိုင်လိုက်ပါတယ်။ မဆလစစ်အစိုးရဟာ ဆန်စပါးထုတ်လုပ်မှုတစ်ခုလုံးကိုသာမက “ကိုင်းသီးနှံ” ထုတ်လုပ်မှု၊ ရောင်းဝယ်မှု တစ်ခုလုံးကိုပါ လက်ဝါးကြီးအုပ်လိုက်ပါတယ်။

ဒီအထဲမှာ ဆီထွက်သီးနှံများ (မြေပဲ၊ နှမ်း၊ နေကြာ) သကြားထုတ်တဲ့ကြံ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ပဲအမျိုးမျိုး၊ ငရုတ်၊ ကြက်သွန်ဖြူ/နီ၊ အာလူး အားလုံးရဲ့ ရောင်းဝယ်မှုကို လက်ဝါးကြီးအုပ်လိုက်ပါတယ်။ ဒီလိုနဲ့  ဈေးကွက်ထဲမှာ ကုန်ရှား၊ ဈေးကြီးပြီး အ၀ယ်ခက်လာပါတယ်။ နိုင်ငံခြားဆန်ဈေးကွက်မှာ ဆန်ဈေးကောင်းရလို့  “သွန်ရောင်း” တဲ့အတွက် ရိက္ခာရှားလာပါတယ်။ ၁၉၆၇ ဧပြီလလယ်မှာ “စစ်တွေဆန်လုပွဲကြီး” ပေါ်လာခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ်နဲ့  ပဲခူးတိုင်းအတွင်းရှိ လယ်သမားများက “စပါးဈေး တင်း ၁၀၀ - ၅၀၀ ကျပ် ရရေး တိုက်ပွဲ” တိုက်လာခဲ့ကြပါတယ်။ တိုက်ပွဲကျယ်လာတာကိုကြောက်ပြီး ၁၉၆၇ ဇူလိုင် ၂၆ မှာ တရုတ် - ဗမာ အရေးအခင်းများ ဖန်တီးလမ်းလွှဲပစ်ခဲ့ပါတယ်။ ကြံ့ဖွံ့ အစိုးရလက်ထက်မှာတော့ အင်္ဂလိပ်နယ်ချဲ့ ခေတ်က စတီးဘရားသား စတဲ့ကုမ္ပဏီကြီးများကို ခွဲတမ်းချပြီး ကုန်ထုတ်စေသလို အခုလည်း သူတို့ ခရိုနီများကို “ဒေသလိုက်ခွဲတမ်းချပြီး တာဝန်ယူခိုင်းထားတယ်” ဆိုပါတယ်။ လက်ငင်းပြဿနာကတော့ လက်ပံတောင်းပြဿနာလို နေမြေ၊ လက်ငုတ်မြေများ ဆုံးရှုံးခဲ့ကြတဲ့ ဆင်းရဲသားလယ်သမားများနဲ့  မြို့ နေဆင်းရဲသားများရဲ့  “လက်ငုတ်စိုက်ပျိုးမြေပြန်ရရေး” မြို့ နေဆင်းရဲသားများရဲ့ “နေမြေ ပြန်လည်ရရှိရေး” တောင်းဆိုလှုပ်ရှားမှုများကို နေရာအနှံ့ မှာ ကြားနေကြပါတယ်။ ကျူးကျော်တဲများ၊ ကျူးကျော်ရပ်ကွက်များ ပြဿနာဆိုတာဟာ လွတ်လပ်ရေးရစကတည်းက ရှိနေတဲ့ မြို့ မှာဖြေရှင်းရခက်တဲ့ မြို့ နေဆင်းရဲသားများရဲ့ ပြဿနာပါဘဲ။ တကယ်က “လုပ်စားရင် မငတ်ပါဘူး” ဆိုတဲ့မျှော်လင့်ချက်နဲ့  မြို့ တက်လာကြတဲ့ တောနေ ဆင်းရဲသားများရဲ့ ပြဿနာပါဘဲ။ မြို့ နဲ့ တောနေ ဆင်းရဲသားများဟာ လူဦးရေရဲ့  ၇၂ % ၊ ၄၃ သန်းကျော်ရှိပါတယ်။ ဒီတော့ “လူထုကြီး” ဆိုတာဟာ ဒီဆင်းရဲသားလူထုကြီးဘဲဆိုတာ သိရှိထားဖို့ လိုပါတယ်။ အောင်သာ (ပီသုံးလုံး) (News Watch ဂျာနယ် အတွဲ ၈ အမှတ် ၃၄ မှ ထုတ်နုတ်ဖော်ပြပါသည်)
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာ့ သယံဇာတ

Who is online

Users browsing this forum: No registered users and 1 guest

cron