ကျောင်းသားသပိတ်စစ်ကြောင်းမှ... ကျောင်းသားကျောင်းသူတွေ သိစေချ

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

ကျောင်းသားသပိတ်စစ်ကြောင်းမှ... ကျောင်းသားကျောင်းသူတွေ သိစေချ

Postby acmv » Sat Mar 14, 2015 9:52 am

Mayme Thein shared Mya Khwar Nyo's post.
21 hrs · Edited ·

နှစ်ဦးစလုံးမှာ အရမ်းကောင်းတဲ့ အမြင်တွေ ရှိကြတယ်၊ ငြင်သာနူးညံ့ ပြီး ထက်မြက်တဲ့ အတွေးအခေါ် ရှိတဲ့သူတွေပါ.. အစက ကိုယ်ကိုယ်တိုင် မြခွာညိုရဲ့ idea အတိုင်း လက်ခံခဲ့ဖူးပါတယ်..ဒါပေမဲ့ အများအတွက် မဖြစ်လောက်ဖူး ဆိုတာလဲ သိလာခဲ့တယ်၊ ဆရာတော် အရှင် ဆေကိန္ဒ ဟောဘူးတဲ့ တရား တစ်ပုဒ်ထဲကလို "များများမြင်အောင် မြင့်မြင့် တက်ကြည့်ပါ"....တဲ့


Credited to ...
ညီမလေးတစ်ယောက်က အစ်မ ဖတ်ကြည့်ပေးပါဆိုပြီး post တစ်ခုကို ရှယ်လာတော့ ဖုန်းနဲ့သုံးရတာမို့လို့ phone browser မှာ မြန်မာဖောင့်မရှိတာကြောင့် မဖတ်မိသေးပါဘူး။
အခု ဆိုင်မှာသုံးမှ ညီမလေး မြခွါညိုရဲ့ post ကို ဖတ်မိပါတယ်။ ဖတ်နေရင်းပဲ ပြောချင်တဲ့စကားလေး နည်းနည်းရှိလို့ ညီမလေးမြခွါညိုကို ရည်ရွယ်ပြီး ဒီpost ကို ရေးလိုက်ပါတယ်။
ညီမလေးရဲ့ post က like လုပ်သူလည်းများတော့ ဒီအယူအဆကို လက်ခံသူများတာပဲလို့ တွေးမိပြီး ပြန်ပြောချင်တာလေးတွေ ပေါ်လာလို့ပါ။

ညီမလေးတွေးတဲ့ အတွေးတွေ အယူအဆတွေ အလွန်ကောင်းပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်မှာ ကောင်းတာလေးတွေ လုပ်ပေးတာ ဝမ်းသာရပါတယ်။
ဒါပေမယ့် ညီမလေး အစ်မတို့ပတ်ဝန်းကျင်မှာ ကောင်းတာတွေကိုတောင် အတိုက်အခံလုပ်ယူရတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ရှိနေသေးပါတယ်။

ညီမလေးက ကျောင်းသားတွေ စာခိုးချတာ၊ ကိုယ့်စာကိုယ် မလေ့လာလို့ စာမတတ်တာကိုချည်းပဲ ထပ်ခါထပ်ခါပြောနေတော့ အစ်မအကြောင်းလေး နည်းနည်း ပြောချင်ပါတယ်။
အစ်မ အမှတ် ၄၄၉ နဲ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ လူ ၁၅၀ ပဲခေါ်တယ်ဆိုတဲ့ တက္ကသိုလ်ကို တက်ဖြစ်ခဲ့ပါတယ်။ ပညာရေးတက္ကသိုလ်ပါ။ ပြီးတော့ English Language Teaching ဒီပလိုမာနဲ့ M.A (English) ပထမနှစ်ကို ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့ပါတယ်။ စင်ကာပူမှာ M.Ed တက်ဖို့လျှောက်တော့ အလိုအပ်ဆုံးအရာက IELTS အမှတ်ပါ။ မာစတာ ဒီဂရီချင်းအတူတူ တိုက်ရိုက်ပြောင်းတက်ခွင့်ကို သူတို့လက်မခံတာက ဒီနိုင်ငံက မာစတာအဆင့်ဟာ သူ့နိုင်ငံမှာ ဘာသာစကားအခက်အခဲရှိနိုင်မလားဆိုတဲ့ "စံနစ်ကိုအထင်သေးတဲ့စိတ်"ကြောင့် အစ်မ IELTS ကို ပိုက်ဆံအကုန်ခံဖြေပြီး အမှတ်ပို့ပေးရပါတယ်။
နိုင်ငံခြားမှာ ကျောင်းသွားတက်သူတိုင်း ဒီအဖြစ်ကို ကြုံဖူးကြမှာပါ။ ဒါဟာ အစ်မတို့မကြိုးစားလို့မဟုတ်၊ စံနစ်ကိုက နိုင်ငံတကာအလယ်မှာ သိက္ခာကျခဲ့ရလို့ပါ။

ဒီနိုင်ငံထဲမှာ အလုပ်ခွင်ဝင်သူတွေကို စဉ်းစားကြည့်ပါ။ ညီမလေးက ဘွဲ့မရသေးဘူးလို့ သိရပါတယ်။ ညီမလေးဘွဲ့ရပြီးတဲ့အခါ အဲ့ဒီဘွဲ့တစ်ခုထဲနဲ့ (အပြင်မှာ English speaking တွေ computer တွေ စာရင်းကိုင်တွေမတက်ဘဲနဲ့) အလုပ်လျှောက်ကြည့်ပါ။ ညီမလေးနားလည်လာပါလိမ့်မယ်။ အဲ့ဒါညီမလေး စာမကြိုးစားလို့၊ ခိုးချလို့မဟုတ်ပါဘူး။ ဒီစံနစ်ဟာ ဘွဲ့ရတစ်ယောက်အတွက် အာမခံမရှိတဲ့ စံနစ်ဖြစ်နေလို့ပါ။

"အပြောမဟုတ်ပဲ အလုပ်နဲ့ သက်သေပြနေတဲ့ ကျောင်းသားတွေ အတွက် စေတနာရှင်တွေ ရဲ့ ကူညီပံ့ပိုးမှု မရှားပါဘူး။ ကစားကွင်းတွေ စနစ်တကျ ပြန်ပြုပြင်၊ မြတို့ ကျောင်းသားတွေ ဥာဏ အပြင် ကာယ ပါကြံ့ခိုင်ဖွံ့ဖြိုးဖို့ လိုတယ်လေ..။ မြို့နယ်တိုင်းက ပန်းခြံတွေမှာ ဘစ်စကတ်ဘောကွင်းတခုစီရှိလာမယ်။ ဘောလုံးကွင်းတွေ မှာ လူတွေရှိလာမယ်။"
ညီမလေးပြောတဲ့စကားတွေက လိုရာဆွဲတွေးလွန်းတယ်လို့ အစ်မထင်မိပါတယ်။ "ဘောလုံးကွင်း၌ ဘောလုံးမကစားရ" ဆိုတဲ့ ဆိုင်းဘုတ် facebook မှာ ရှဲကြတာ ညီမလေးမြင်လိုက်သေးလားမသိဘူး။ အစ်မတို့နားက ဘောလုံးကွင်းလုပ်ထားတဲ့ မီးလောင်ကွင်းဆိုတဲ့ နေရာလွတ်ကွင်းပြင်ကြီးတောင် စည်ပင်က အခွန်လွတ်ဈေးလုပ်လိုက်ပါရောလား။ အဲ့ဒီလို မြေနေရာရှားလွန်းတဲ့ ရန်ကုန်မှာ နဂိုရှိတဲ့ ကွင်းကျယ်ကျယ်ဆိုရင်တောင် စည်ပင်ကသိမ်းလိုက် ပုဂ္ဂလိက ရောင်းစားလိုက်လုပ်တဲ့အချိန်မှာ တောင်မင်းမြောက်မင်းမကယ်နိုင်ဆိုသလို စေတနာရှင်တွေလည်း စေတနာကလွဲလို့ ငွေအားလူအား မကူညီနိုင်ရှာပါဘူးကွယ်။
အဲ့ဒါတွေကို ဘယ်သူ့ဆီက တောင်းရမလဲ။ သိမ်းယူထားတဲ့ အစိုးရမင်းများဆီကပဲ ပြန်တောင်းရမှာ မဟုတ်ဘူးလား။ ညီမလေးက နေပူထဲမှာ အစာငတ်ခံမယ့်အစား အနီးကမောင်ညီမလေးတွေကို စာသင်ပါလားလို့ ပြောတယ်နော။ ညီမလေးသိအောင်ပြောပြရမယ်ဆိုရင် သပိတ်မှောက် ကျောင်းသားထဲက တချို့ကလည်း ညီမလေး အဲ့လိုမပြောခင်ကတည်းက ပညာဒါနစာသင်ခဲ့သူတချို့ ပါပါတယ်ကွယ်။ အစ်မလည်း အင်္ဂလိပ်စာပညာဒါနကျောင်းတွေမှာ volunteer လုပ်ဖူးပါတယ်။ အဲ့ဒီကျောင်းလေးမှာ လာတက်တဲ့အများစုက ဘွဲ့ရတွေ။ ကောင်းမွန်တဲ့ ပညာရေးစံနစ်အောက်မှာဆိုရင် ဘယ်လိုမဆို အင်္ဂလိပ်စကားကို ပြောတတ်သင့်တဲ့အရွယ်။ ဒါပေမယ့် ဒီစံနစ်အောက်မှာ ကြီးပြင်းလာရတော့ I am eat တို့ we are go တို့ ဖြစ်နေကြတာ။ အဲ့ဒါတွေကို ပညာဒါနကျောင်းတွေက အနောက်က လိုက်ပြင်ရမှာလား။ ကျောင်းစံနစ်မှာ တစ်ခါတည်းတတ်ခဲ့သင့်ပြီးသားလေ။ သမင်မွေးရင်း ကျားစားရင်းဆိုသလို တစ်သုတ်သင်ပေးပြင်ပေးလိုက် နောက်တစ်သုတ်အမှားနဲ့ လာတက်လိုက် လုပ်နေမှာထက်စာရင် မူရင်း source ကိုသွားပြင်ဖို့ တောင်းဆိုတာ ပိုထိရောက်တယ် မထင်ဘူးလား။

အဲ့ဒီတော့ ညီမလေးက complaint တက်ချင်တက်မယ်။ ညီမက စာသေချာလုပ်တော့ ခုနအစ်မပြောတဲ့လူတွေလို မမှားဘူးလို့။ စံနစ်တစ်ခုမှာ အများနဲ့ ကြည့်ရပါတယ်။ ညီမလေးမြင်ဖူးကြုံဖူးမှာပေါ့။ အတန်းထဲက အတော်ဆုံးကျောင်းသားရဲ့ notes တွေကို ဆရာမက ယူထားလိုက်တယ်။ နောက်နှစ် အဲ့ဒီ notes ကိုကြည့်ပြီးသင်တယ်။ တချို့ဆရာမတွေကိုယ်တိုင် grammar မမှန်ဘူး။ notes ထဲက အဖြေ ဒါမှမဟုတ် အထူးထုတ်အဖြေနဲ့ ညှိသင်တာ။ အဲ့ဒီဆရာမတွေ စာမတော်တာ အပြစ်ပြောနေတာမဟုတ်ဘူးနော်။ စံနစ်ကိုက မဖြစ်စလောက် လခလေးနဲ့ အလုပ်ခန့်ထားတော့ လခမလုံလောက်လို့ ကျူရှင်သင်ရင်း ပိုက်ဆံရှာရင်း ကိုယ့်ဘာသာကိုယ် self-study၊ မလုပ်နိုင်တာက တစ်ချက်၊ နောက်တစ်ချက်က အစိုးရက ဆရာမခန့်ရင် ဘယ်တော့မှ မပြုတ်တော့ဘူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်မဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှုဆိုတော့ ဘယ်တော့မှ အလုပ်မပြုတ်တော့ဘူးမှန်းသိတော့ improve မလုပ်တော့တာလည်းပါတယ်။
အစ်မ စင်ကာပူမှာ college ၂ခုမှာ ဆရာမအဖြစ် စာသင်တယ်။ အမျိုးသားပညာရေးတက္ကသိုလ်မှာ ကျောင်းသူအဖြစ်နဲ့လည်း ကျောင်းတက်တယ်။ အကဲဖြတ်မှုတွေ လုပ်ကြရတယ်။ ဆရာမတွေလည်း contract နဲ့ပဲ။ မေးခွန်းက အစုံပဲ သင်ကြားရေး၊ ဆက်ဆံရေး၊ ကြိုတင်ပြင်ဆင်မှု၊ အချိန်တိကျမှု အစုံပါတယ်။ ဒီတော့ စာချုပ်သက်တမ်းတိုးချင်ရင် (အလုပ်မပြုတ်ချင်ရင်) ကိုယ့်သင်ကြားရေးကိုယ်ကောင်းအောင် ကြိုးစားပေရော့ပဲ။ အဲ့ဒီလို အကဲဖြတ်ခွင့်ရှိတော့ ဒီမှာလို မကြားဝံ့မနာသာ ဆရာမက တပည့်ကို ပါးရိုက်တာတွေ၊ အပြစ်ပေးတာနဲ့မတူဘဲ ဒေါသအလျောက် ရိုက်မောင်းပုတ်မောင်းလုပ်တာတွေ မရှိတော့ဘူး။ ဒီမှာ အစ်မတို့ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားရုံနဲ့ ဆရာမကောင်းတွေ ရနိုင်ပါသလား။ ညီမလေးပြောသလို ကိုယ့်ဘာသာကိုယ် တော်အောင်လုပ်နေပေမယ့် အချိန်တန်ရင် posting ကို ရွှေ့ချင်သလိုရွှေ့တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ခန့်ထားရာ ဆရာဆရာမတွေ (ကောင်းတာရော မကောင်းတာပါ) မလွှဲနိုင် မရှောင်နိုင် ရကြပါတယ်။

အဲ့ဒီတော့ နောက်ဆုံးပြောချင်တာက ညီမလေးပြောသလို ကိုယ့်ကိုယ်ကိုကောင်းအောင်ကြိုးစားနေရမယ်ဆိုတာလည်း မငြင်းပါဘူး။ ချထားပေးခြင်း ခံရတဲ့ခေတ်မှာ ကိုယ့်အတွက်ကိုယ် ကြိုးစားနေရမယ်ဆိုတာလည်း မလွဲပါဘူး။ လွဲတာက half-truth ကြီး ဖြစ်နေတာပါ။ အစ်မတို့ပြည်သူတွေ အခွန်ဆောင်ပြီး လခပေးထားရတဲ့ အစိုးရကို ကိုယ့်ရပိုင်ခွင့်ကိုယ်တောင်းတာ ဘာများမှားနေလို့ပါလဲ။ တစ်ဦးချင်းကောင်းအောင် ညီမလေးတို့ အခြေအနေမှာ ကြိုးစားနိုင်ပေမယ့် အခြေအနေကွဲပြားလွန်းတဲ့၊ ဆင်းရဲတဲ့၊ မြန်မာစကားတောင်မပြောတတ်တဲ့၊ သွားတိုက်ဆေးဆိုတာ ဇိမ်ခံပစ္စည်းဖြစ်နေသေးတဲ့ ဒေသအသီးသီးက ကျောင်းသားကလေးသူငယ်တွေကို ကိုယ့်ဘာကိုယ်တော်အောင် ကြိုးစားကြလို့ ပြောတာ ရက်စက်လွန်းရာကျပါတယ် ညီမလေး။ အဲ့ဒီဒေသတွေမှာ ကောင်းမွန်တဲ့ ကျောင်းစံနစ်တွေ ပညာရေးလမ်းကြောင်းတွေရှိလာဖို့ အစိုးရကိုမှမတွန်းရင် ဘယ်သူ့ကို သွားတွန်းရမလဲ။ ကိုယ့်ဘာကိုယ် individual လုပ်နိုင်တဲ့ပမာဏက ဘယ်လောက်လဲ စဉ်းစားပေးပါညီမလေးမြခွါညို။
ref: https://www.facebook.com/clematis/posts/911814725537662
Mya Khwar Nyo

ကျောင်းသားသပိတ်စစ်ကြောင်းမှ... ကျောင်းသားကျောင်းသူတွေ သိစေချင်တာလေးတွေပါ..။

မြန်မာနိုင်ငံရဲ့ ပညာရေး... အရေးကြီးပါတယ်။ ဖိနှိပ်ခံ မျက်လုံးထိုးဖောက်ခံ ၊ ပုံစံခွက်ထဲက ပညာရေး မြတို့အားလုံး ကြုံခဲ့ ကြရတာပဲလေ...။ ဆရာ ၊ ဆရာမတွေကို မစော်ကားပါဘူး..။ အနည်းဆုံးတော့ စာဖတ်တတ်ခဲ့တာပဲ..မဟုတ်ဘူးလား..။
မကျေနပ်တာတွေ ရှိတယ်။
ပြုပြင်ပြောင်းလဲချင်တာတွေရှိတယ်။
လိုအပ်နေတာတွေရှိတယ်..။
ဘာလည်း သူတို့ပြောင်းပေးမှ တို့ဘဝတွေက ပြောင်းလဲရမှာလား။
သူတို့ ပြင်ဆင်ပေးမှ တို့ဘဝတွေ တင့်တယ်မှာလား။
သူတို့သဘောတူပေးမှ တို့ က ညီညွတ်ကြရမှာလား။
မှားနေပြီ..။
မြတို့အားလုံး ကိုယ့်ကိုယ်ကို အရင်ဆုံးပြောင်းလဲ ရမှာ။ နှစ်ပေါင်း ၂၀နီးပါး ပိုးစိုးပက်စက် ရိုက်ချိုးဖျက်စီးခံထားရတဲ့ စာရိတ္တတွေကို ပြန်ပြင်ရမှာ အတွေးအခေါ်တွေပြန်ပြင်ရမှာ။
နေပူထဲမှာ အကျိုးမရှိ အဆာငတ်ခံ ဆန္ဒပြ နေမယ့်အစား.. ဆယ်တန်းတွေစာမေးပွဲဖြေနေတယ်လေ ကျူရှင်မယူနိုင် ဂိုက်မငှားနိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်က မောင်လေး ညီမလေးတွေကို စာပြပေးကြပါလား..။

မြို့နယ်တူကျောင်းသားကျောင်း/ သူတွေတွေ စုစည်း ၊ သုံးမရတဲ့ စည်ပင်တွေအစား ကိုယ့် မြို့နယ် ကိုယ် အပတ်စဉ် သန်ရှင်းရေးလုပ် .. ။အလှူငွေကောက် ရလာတဲ့ငွေနဲ့ .. ၊ ဆရာငှားပြီး နွေရာသီ အင်္ဂလိပ်စာ သင်တန်းတွေ ဖွင့်ပေးကြပါလား.။

ခဏလောက်မျက်လုံးမှိတ်ပြီး မြင်ယောင်ကြည့်..။

မြို့ရွာတခုလုံး သန့်ရှင်းနေပြီ။ ကိုယ်တူ ကိုယ့်သား ပညာတတ်တွေ ကိုယ်တိုင် တံမျက်စည်းကိုင် အမှိုက်ပုံးတွေဆွဲပြီး သန့်ရှင်းရေးလုပ်ထားတဲ့ လမ်း .. မိဘပြည်သူတွေ အမှိုက်ချဖို့ စဉ်းစားသွားပြီ။ ပံ့ပိုးကူညီချင်လာပြီ။ သန့်ရှင်းရေးလုပ်နေရင်း အလှူငွေ ကောက် ရလာတဲ့ အလှူငွေပေါ်မူတည်ပြီး ၊ ဆရာငှား နွေရာသီ အင်္ဂလိပ်စာ ပညာဒါနသင်တန်းတွေဖွင့် ဒါပြုပြင်ပြောင်းလည်းခြင်း စစ်စစ်ပါ။ စာကြည့်တိုက်တွေ လိုက်ဖွင့်ပေးနေတဲ့ ဖောင်ဒေးရှင်းတွေရှိတယ် ဆက်သွယ်ပါ။ စာဖတ်ဖို့ အချင်းချင်း တိုက်တွန်းပါ။ လဘက်ရည်ဆိုင်မှာ အချစ်အကြောင်း ထိုင်ပြောမယ့်အစား ဘဝတိုးတတ်ရေး ဗဟုသုတ စာပေအကြောင်းတွေ ဖလှယ်ပါ။ မြို့နယ်ကျောင်းသား ကိုယ်စားလှယ်တွေ ဦးစီးပြီး စာပေဟောပြောပွဲတွေ ကျင်းပပါ..။ မြန်မာ့ကျောင်းသားတွေ ဆန္ဒပြနေတာထက်စာရင် ဥာဏ ခွန်အားတွေ အများကြီး တိုးပွားလာပါလိမ့်မယ်။

အပြောမဟုတ်ပဲ အလုပ်နဲ့ သက်သေပြနေတဲ့ ကျောင်းသားတွေ အတွက် စေတနာရှင်တွေ ရဲ့ ကူညီပံ့ပိုးမှု မရှားပါဘူး။ ကစားကွင်းတွေ စနစ်တကျ ပြန်ပြုပြင်၊ မြတို့ ကျောင်းသားတွေ ဥာဏ အပြင် ကာယ ပါကြံ့ခိုင်ဖွံ့ဖြိုးဖို့ လိုတယ်လေ..။ မြို့နယ်တိုင်းက ပန်းခြံတွေမှာ ဘစ်စကတ်ဘောကွင်းတခုစီရှိလာမယ်။ ဘောလုံးကွင်းတွေ မှာ လူတွေရှိလာမယ်။ နှစ်စဉ် မြို့နယ်ကျောင်းသားကိုယ်စားလှယ်တွေ ပေါင်းပြီး ကျောင်းသား အားကစား ပြိုင်ပွဲတွေလုပ်ပါ။ မြန်မာ့ ကျောင်းသားတွေ လပိန်ညောင်တွေ မဟုတ်တော့ဘူး။ မြင့်မြင့်မားမား ထွားထွားကျိုင်းကျိုင်း ကျားဆိုမှကျားတွေ ဖြစ်လာမယ်။

စာရိတ္တ ..ဟုတ်တယ်။ အရေးကြီးတယ်။ မြန်မာနိုင်ငံက ကျောင်းသားတော်တော်များများ စာရိတ္တမကောင်းဘူး..။ ဆေးလိပ်သောက်တာ အရက်သောက်တာ ဖဲရိုက်တာ ကလပ်တတ်တာ အဲဒါကိုပြောတာ မဟုတ်ဘူး..။ ဒါတွေအားလုံးက အသက် ၁၈ နှစ်အထက် လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပဲ။ဆင်ခြင်တုံတရားနဲ့ယှဉ်ပြီး လုပ်မယ်ဆိုရင် အဆိုးမမြင်သင့်တဲ့ အချက်တွေပါ။ ဗိုလ်ချုပ်အောင်ဆန်း ဆေးလိပ်သောက်တယ်။ စရိတ္တပျက်ရောလား၊ ဘီလ်ဂိတ်အရက်သောက်တယ် စာရိတ္တ ပျက်ရောလား၊ အင်ဂျလီနာ ဂျိုလီ ကလပ်တတ်ရတာ ကြိုက်တယ်၊ စာရိတ္တ ပျက်ရောလား..။ ဒါဆို မြန်မာ့ကျောင်းသားတွေ စာရိတ္တ ပျက်နေတာ ဘယ်နေရာမှာလည်း။
မှန်တယ်ထင်တာကို မပြောရဲတာ..၊ စာခိုးချတာ ၊ ကျောင်းစည်းကမ်း မလိုက်နာတာ၊ အတန်းမှန်မှန်မတတ်တာ၊ စာမသင်ချင်တာ..။ အဲဒါ ကျောင်းသား တစ်ယောက်ရဲ့ စာရိတ္တ ပျက်ပြားတာပဲ။
သူငယ်တန်းက စပြီးခုထိသင်နေတာပဲလို့မပြောနဲ့..။ ဆရာမပြောတာ လိုက်ရေး အလွတ်ကျတ် ပြန်ဖြေ ဒါအပြင် ခေါင်းထဲမှာ ကိုယ့်အသိစိတ်နဲ့ကိုယ် စာအုပ်ထဲက စာတွေကို လေ့လာ လက်တွေ့ဘဝမှာ အသုံးချတဲ့သူ ဘယ်နှယောက် ရှိသလည်း။
ဘွဲ့ရပြီး အလုပ်မရလို့ ဆန္ဒပြတယ်။
ကျွန်တော်တော့ဖြင့်/ကျွန်မ တော့ဖြင့် တက္ကသိုလ် ပညာရေးမှာ ခိုးကူးစာ တလုံးမှ မပါပဲနဲ့ ကိုယ့်ရဲ့ပညာစွမ်း ဥာဏ်စွမ်းနဲ့ အောင်မြင်ခဲ့ပါတယ်ဆိုတဲ့ ကျောင်းသူ ကျောင်းသား ဘယ်နှစ်ယောက်ပါသလဲ။ ဘယ်နှစ်ယောက်ရှိသလည်း။ လမ်းထိပ်ကမိတ္တူဆိုင်အားကိုး ပြီးအောင်လာကြတာချည်းပါပဲ။

ကျောင်းသားတွေကို ဆန္ဒပြစေချင်ပါတယ် ။ ဆရာဆရာမတွေ စာသင်တာ ညံ့လို့ ပါ။
ကျောင်းတတ်ရတဲ့ အချိန် နည်းလို့ပါ။
ကျောင်းသွားဖို့ကား အချိန်မီမရောက်လို့ပါ။
သင်ထောက်ကူ ပစ္စည်းတွေ မပြည့်စုံလို့ပါ။
စာစစ်ဆရာမတွေ အခကြေးငွေယူပြီး assigment တင်ပေးနေပါတယ်။
စာစစ်ဆရာမတွေ စာခိုးချတာ ခွင့်ပြုနေပါတယ်။
ကျောင်းအားကစားကွင်းကြီးပြုပြင်ပေးပါ။
စာသင်ခန်းတွေ အဆင့်မြှင့်တင်ပေးပါ။
စာရိတ္တ ပျက်ပြားတဲ့ ကျောင်းသားတွေ တိတိကျကျ အရေးယူပေးပါ။

ပြကြစမ်းပါ အဲဒီလို ဆန္ဒမျိုး..။ထုတ်ဖော်ကြစမ်းပါ အဲလိုဆန္ဒမျိုး ။ လိုက်လျော မပေးရင် ပါချုပ်ရုံးခန်းပါ မီးတတ်ရှို့ပစ် ။ ကျောင်းသားတွေမှန်တယ်။ ကျောင်းသားတွေနောက်မှာ မိဘပြည်သူရှိတယ်။

ခုတောင်းဆိုတာ
မြန်မာနိုင်ငံပညာရေး ဥပဒေ ပြင်ဆင်ဖို့...
ဘယ်နှယောက်လောက် အစအဆုံး ကျေကျေ လည်လည်ဖတ်ဖူးလို့လည်း။ ဘာတွေပါလည်း ဘာသဘောဆောင်သလည်း ဆိုတာ သပိတ်စစ်ကြောင်းက ကျောင်းသားဘယ်နှယောက် အလွတ်ရွတ်ပြနိုင်လည်း။

မြန်မာနိုင်ငံပညာရေး ဥပဒေကြီး စာရွက်ပေါ်မှာ အားရပါးရ စိတ်ကြိုက် ပြင်ဆင်လိုက်ရုံနဲ့ ကော ကျောင်းသားထုကြီး တရပ်လုံး လူရည်ချွန်တွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါသလား။

နောက်ဆုံး တခုပဲပြောချင်ပါတယ်...။

အမှန်တကယ် ပြုပြင်ပြောင်းလဲရမှာ မြန်မာနိုင်ငံပညာရေး ဥပဒေမဟုတ်ပါဘူး။ မြန်မာ့ကျောင်းသားထု တရပ်လုံးရဲ့ ကာယဥာဏစာရိတ္တကိုပါ။

ဘယ်နေရာကစပြင်မလည်း မိမိကိုယ်တိုင်စပြင်ပါ။ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကို လက်တွဲခေါ်ပါ။ သူတို့ပေးတဲ့ ပညာရေး ကို မကြိုက်ရင် ကိုယ့်ဘာသာ ပညာရေးလမ်းသစ်ဖောက်ပါ။ ပညာတတ်ကျောင်းသားတွေ နဲ့ ပူးပါင်းပြီး အမျိုးသားကျောင်းတွေ ထူထောင်ပါ။ ပံ့ပိုးကူညီမယ့် အဖွဲ့ အစည်းတွေ အများကြီးရှိပါတယ်။ မယုံရင် စကြည့်ပါ.။

ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်ပြောဖူးတဲ့ စကားရှိပါတယ်။

"သူတို့ပေးတဲ့ ကျွန်ပညာရေးထက်သာလွန်ကောင်းမွန်သော အမျိုးသားပညာရေးကို ငါတို့ လက်ဖြင့် ငါ့တို့ ကိုယ်တိုင် ဖန်တီး တည်ဆောက်အံ့.." တဲ့..

ကဲ.. ကျောင်းသားကျောင်းသူတွေ ဘာလုပ်ကြမှာလည်း။

P.s အပန်းမကြီးရင် မှန်တယ်ထင်ရင် share ပေးကြပါ။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 2 guests

cron